DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် တိုက်ပွဲပြင်းထန်ပြီး အရပ်သားအချို့ ထိခိုက်သေဆုံး
DVB
·
January 2, 2024
ကွတ်ခိုင်တွင် တိုက်ပွဲပြင်းထန်ပြီး အရပ်သားအချို့ ထိခိုက်သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းအဖွဲ့တို့ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းကစ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်လာပြီး အရပ်သား ထိခိုက်သေဆုံးမှုနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာ ကွတ်ခိုင်မြို့ထဲရှိ ရတနာမိုး ပန့်ဆီဆိုင် အပေါ်က စေတီကုန်းနဲ့ တရုတ်သင်္ချိုင်းဘက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးအများအပြား လာကြဲသွားတဲ့အပြင် ရဟတ်ယာဉ်နဲ့လည်း အပေါ်နဲ့အောက် အပြန်အလှန် ပစ်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။

“လူတွေက စောစောစီးစီး ရှောင်လိုက်ကြပြီ။ အိမ်တွေက မြို့သစ်ဘက်တကြော အကုန်ကြေမွကုန်ပြီ။ တောင်ကုန်းတောင် ကြေသွားတယ်။”

တဖက်နဲ့တဖက် လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်နေကြတဲ့အပြင် TNLA နဲ့ ပူးပေါင်းအဖွဲ့ဘက်က ဒရုန်းနဲ့ လာပစ်နေတာ မြို့တောင်ခါတယ်လို့  ဒေသခံ အမျိုးသားတဦးကလည်း ပြောပါတယ်။

“မနေ့က ဒီဘက်က (စစ်တပ်က) ပစ်လိုက်တာထင်တယ်။ ဟိုမရောက် ဒီမရောက် မြို့ထဲ အိမ်တအိမ်မှာ ကျည်လာကျတယ်။ ဒါပေမဲ့ သူတို့မိသားစုက မရှိဘူး။ အဲဒီမှာ အိမ်စောင့်တယောက် ထားထားတာ။ အိမ်စောင့်အမျိုးသား ထိမှန်သေဆုံးသွားတယ်။ အသက်တော့မသိဘူး။”

မနေ့ မွန်းလွဲ ၁ နာရီလောက်ကနေ  ညနေ ၃ နာရီလောက်အထိ စစ်ကောင်စီဘက်က လေယာဉ် တကျော့ပြီးတကျော့ တက်လာကာ အကြိမ် ၆၀ နီးပါး ဗုံးကြဲသွားပြီး ရဟတ်ယာဉ်နဲ့လည်း စက်သေနတ်တွေနဲ့ အပြင်းအထန် ပစ်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။

“ပြည်သူတွေ ဘယ်လောက်ထိတယ်ဆိုတာ ကောင်းကောင်းမသိရဘူး။ ကျနော်တို့ ဒီမှာက ကိုယ့်အိမ်ဝင်းထဲမှာ နေကြရတယ်။ ဆက်သွယ်ရေးက ကျနော်တို့ ဒီမြို့ထဲမှာ ပျက်နေလို့ အဆက်အသွယ် ကောင်းကောင်းမရဘူး။ ကွတ်ခိုင်မြို့ ပြင်ပနဲ့တော့ ဖုန်းနဲ့ ဆက်သွယ်လို့ ရတယ်။ မြို့ထဲမှာ အချင်းချင်း ဆက်သွယ်လို့မရဘူး ဖြစ်နေတယ်။”

ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၃၊ ၄၊ ၅ စေတီကုန်းတောင်ခြေ၊ ရပ်ကွက် ၈၊ ကွက်သစ်၊ ပြည်ထောင်စုလမ်းမကြီးပေါ် နတ်စင်ကွေ့နဲ့ မြို့နဲ့ကပ်ရက် ရွာတွေဖြစ်တဲ့ ဟိုကျန့်၊ မန်ထန်၊ ဟွေခုတ်၊ လွယ်ဆိုင် စတဲ့ နေရာအနှံ့အပြားမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး ဟွေခုတ်ရွာမှာလည်း လေယာဉ်နဲ့ဗုံးကြဲခံရလို့ ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီ ၁ ရက် အတွင်း အရပ်သားတဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကွတ်ခိုင်အခြေချ စစ်ကောင်စီတပ်ဖွဲ့နဲ့ ညီနောင် ၃ ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း TNLA ဘက်က ဇန်နဝါရီ ၂ ရက် မနက်မှာ သတင်းထုတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013