DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် ဆက်သွယ်ခွင့်မရတာ အချိန် ၁ နှစ်ကျော် ရှိလာ
DVB
·
January 2, 2024
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် ဆက်သွယ်ခွင့်မရတာ အချိန် ၁ နှစ်ကျော် ရှိလာ
Donate to DVB

စစ်ကောင်စီရဲ့ ထောင်သွင်း အကျဉ်းချတာ ခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ ဆက်သွယ်ခွင့်မရတာ အချိန် ၁ နှစ်ကျော်ရှိလာပြီလို့  နေပြည်တော် အချုပ်ထောင်နဲ့ နီးစပ်သူထံက သိရပါတယ်။

၂၀၂၂ ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ လက်ရှိအချိန်အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးဖြစ်တဲ့  သူ့ရဲ့ ရှေ့နေနဲ့ အဆက်အသွယ်ပြုခွင့်မပေးဘဲ စစ်ကောင်စီက တားမြစ်ထားတာပါ။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီတရားရုံးက စုစုပေါင်း အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ထားတာ ဖြစ်ပါတယ်။

သူ့အပေါ် တဖက်သတ် စွပ်စွဲပြစ်ဒဏ်ချမှတ်ထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီး အယူခံဝင်ဖို့ ကြိုးစားရာမှာလည်း အမှုအားလုံးနီးပါး အထူးအယူခံတက်ခွင့် ပယ်ချခံခဲ့ရတဲ့အတွက် နောက်ဆုံး အယူခံတင်ခွင့်အဖြစ် တရားသူကြီးချုပ်ဆီတင်တဲ့ ပြည်ထောင်စုတရားစီရင်ရေးပုဒ်မ ၂၀ တခုသာ ဆောင်ရွက်ဖို့ ကျန်တော့တယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ပြောပါတယ်။ 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဥပဒေအရ အထူးအယူခံဝင်ခွင့် ၂ ဆင့် ပယ်ချခံရရင် နောက်ထပ် တက်စရာ အယူခံအဆင့်မရှိတော့ဘဲ အယူခံဝင်လိုသူက မူလအောက်ခြေတရားရုံးမှာ ချမှတ်ခံထားရတဲ့အမိန့်ကို လက်ခံရမယ့်အခြေအနေသာရှိတော့တာ ဖြစ်ပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့နီးစပ်သူတဦးက “အဆက်အသွယ်က ဘယ်သူမှမရဘူး။ တွေ့ခွင့်လည်း မရဘူး၊ ဆက်သွယ်ခွင့်လည်းမရဘူး။ ပြီးခဲ့တဲ့ နှစ်ကုန်အထိကတော့ နေပြည်တော်အချုပ်ထောင်မှာပဲ ရှိတယ်။ ကျန်းမာရေးအခြေအနေကတော့ ကောင်းတယ်။ တခါတရံ သွားကိစ္စပဲ သွားဖုံးကိစ္စပဲ အဲဒီလောက်ပဲ သိရတယ်။ ကျန်တာတော့ အတိအကျ မသိရဘူး။ စိုးရိမ်တာပေါ့။ အသက်အရွယ်အရရော၊ နေရတဲ့နေရာအရရော စိုးရိမ်တာပေါ့” လို့ ပြောပါတယ်။

စွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မ ၂၅ အမှုတွေ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ စတဲ့အမှုတွေဟာ အထူးအယူခံတက်ခွင့်မရဘဲ စစ်ကောင်စီ တရားလွှတ်တော်ချုပ်က ဩဂုတ် ၂၉ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။

နေပြည်တော် လရောင်တောအမှု၊ ရန်ကုန်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုနဲ့ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်နဲ့ပတ်သက်တဲ့ အထူးအယူခံအမှုတွေကို အောက်တိုဘာ ၆ ရက်နေ့မှာ ပယ်ချခဲ့တာပါ။ ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်တဲ့ အဂတိအမှုတွေအတွက် အထူးအယူခံကိုလည်း ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထပ်မံပယ်ချခဲ့ပါတယ်။

သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက“စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာအရေး၊ စိတ်ဓာတ်အရေး စတဲ့ အထွေထွေအကျပ်အတည်းဆိုက်လာတဲ့ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုက ဒင်းတို့ထွက်ပေါက်ရဖို့ရာအတွက် အသက်ရှူချောင်ဖို့ရာအတွက် အာဏာ သက်ဆိုးရှည်ဖို့ရာအတွက် နည်းလမ်း နည်းနာမှန်သမျှနဲ့ ဆက်ပြီး ကြိုးစားဦးမှာလည်း ဖြစ်ပါတယ်။ အခုလောလောဆယ်ပဲဗျာ တရုတ်နိုင်ငံကို အတင်းဒူးထောက် တောင်းပန်တိုးလျှိုး ပြီးတော့တောင်မှ သူတို့ လိုချင်တာရဖို့ ဆောင်ရွက်နေတာတွေလည်း မြင်ရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ အဓမ္မဖမ်းဆီးခံထားရတဲ့ ကျနော်တို့ နိုင်ငံ့ခေါင်းဆောင်များ အပါအဝင်ပေါ့ဗျာ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်စတဲ့ ပုဂ္ဂိုလ်ကြီးများ အပါအဝင် သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ဒီစစ်အုပ်စုက သူတို့လိုရင်လိုသလို သူတို့ဝှက်ဖဲသဖွယ် အသုံးပြုနိုင်ဖို့အတွက် စဉ်းစားဆင်ခြင်ဆောင်ရွက်တာမျိုးလည်း ရှိကောင်းရှိ နိုင်ပါတယ်" လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၉ ရက်က ထိုင်းနိုင်ငံရဲ့ ဒုဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး နိုင်းဒွန်းပရမတ်ဝိနိုင်းနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအဆင့် နေအိမ်ကို ပြောင်းထားမယ်၊ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ပြောင်းထားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ နေပြည်တော်အချုပ်ထောင်ထဲမှာ ဆက်လက်ထိန်းသိမ်းထားတာပါ။

ဩဂုတ် ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ အမှု ၁၉ မှု ထဲက ၅ မှု၊ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ထဲက ၆ နှစ်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့အတွက် စုစုပေါင်း အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013