DVB Logo
Home
မြန်မာသတင်း
တနင်္သာရီစစ်ရှောင် ၂,၀၀၀ ကျော် အစားအသောက်နှင့် ဆေးဝါးအကူအညီ လိုအပ်နေ
DVB
·
January 2, 2024
တနင်္သာရီစစ်ရှောင် ၂,၀၀၀ ကျော် အစားအသောက်နှင့် ဆေးဝါးအကူအညီ လိုအပ်နေ
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က စစ်ရှောင် ၂,၀၀၀ ကျော် အစားအစာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

အဲ့ဒီစစ်ရှောင် ၂,၀၀၀ ကျော်က ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက လယ်ရွာသစ်ကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် နီးစပ်ရာ ဥယျာဉ်ခြံတွေ၊ တောစပ်နဲ့ တောင်ပေါ်တွေမှာ ရှောင်တိမ်းနေရတာလို့ ဆိုပါတယ်။

ဒါ့အပြင် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ ၂,၀၀၀ ကျော်ဟာ အချိန် ၂ လကျော်အထိ ရှိလာပေမဲ့လည်း စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ သူတို့နေထိုင်တဲ့ ကျေးရွာကို မပြန်ရဲ ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးသူတယောက်က “စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားလို့ တိမ်းရှောင်နေရသူတွေပါ။ အဲဒီနေ့ကစလို့ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာ။ ဒေသ မတည်ငြိမ်သေးလို့ အခုအထိ မပြန်ရဲသေးပါဘူး။ အခုတော့ စားဖို့လည်း လိုအပ်နေတယ်။ နောက်ပြီး ပုံမှန်ဆေးသောက်နေရတဲ့သူတွေက အခု ဆေးဝါးတွေ လိုအပ်နေတယ်။ ကြာလာရင် နာတာရှည် ဝေဒနာရှင်တွေအတွက် မလွယ်တော့ဘူး။ ဖျားနာဖြစ်ရင်တောင် သောက်ဖို့မရှိဘူး။ စားဖို့အတွက်ကလည်း အခု စတင်ပြတ်လပ်နေပြီ” လို့ ပြောပါတယ်။

အဲ့ဒီ စစ်ရှောင်တွေဟာ ဒေသမတည်ငြိမ်သေးတဲ့အတွက် နေရပ်မပြန်နိုင်သေးဘဲ အခုရက်ပိုင်း အအေးဓာတ် ပိုလာတာကြောင့် အနွေးထည်နဲ့ ခြုံစောင်တွေ အခက်အခဲဖြစ်နေပြီး လတ်တလောအနေနဲ့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတဲ့အပြင် ရေရှည်အတွက် နေရာပါ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

“လာမယ့်လတွေဆို ဒီဘက်မှာ ပိုအေးတတ်တယ်။ အေးလာရင် အခုလိုအခြေအနေဆို အသက်အန္တရာယ်ရှိမှာ။ စစ်ရှောင်ဦးရေက ၂,၀၀၀ အကျော်မှာပဲရှိတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း မနည်းပါတယ်။ အခုလည်း ဒုက္ခ တော်တော်ရောက်နေတာ။ များပြားတဲ့ စစ်ရှောင်တွေရဲ့ဘဝတွေကို စာနာနားလည်ပေးပါ။ ပစ်ခတ်တိုက်ခိုက်တာတွေကို ရပ်ပေးပါ၊ အကူအညီပေးပါ” လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

အဲ့ဒီ လယ်သစ်ကျေးရွာ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၀ နှစ်ကျော်အရွယ် ယောကျ်ားလေးတယောက် သေဆုံးခဲ့ရပြီး သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ တတိယအပတ်ထဲမှာလည်း တနင်္သာရီမြို့နယ်၊ သမုတ်ချုံးကျေးရွာဘက်မှာ စစ်ကောင်စီတပ်ဘက်က အရင်ဦးဆုံး စစ်ကြောင်းထိုးလာလို့ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013