DVB Logo
Home
မြန်မာသတင်း
ကသာမြို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ
DVB
·
January 1, 2024
ကသာမြို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း အရှေ့မြောက်ပိုင်း ကသာမြို့နယ်ထဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်သားတွေ ဝင်ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီက လေကြောင်းကနေ ရှာဖွေတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကသာနယ် မိုးတားလေးကျေးရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် PDF တယောက် ကျဆုံးခဲ့ပြီး ပြည်သူ ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကသာနယ် ကျောက်ထုံးကြီးကျေးရွာနဲ့ ပတ်ဝန်းကျင်ကို လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံး ဒဏ်ရာရမှုတွေကို အတည်မပြုနိုင်သေးဘူးလို့ ကျောက်ထုံးကြီးရွာသားတယောက်က ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီက လေကြောင်းကနေ ကင်းထောက်နေပြီး အချိန်မရွေး ပစ်ခတ်တာတွေ ထပ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကျောက်ထုံးကြီးဒေသခံတဦးက “ဖိုက်တာချည်းပဲ သုံးခါဝဲတယ် ကြဲတယ်။ နာရီတွေကတော့ ကျနော်လည်း မမှတ်မိတော့ဘူး။ ကြဲလိုက်တာကိုမှ တညနေလုံး၊ ညနေပိုင်းတော့ ဂျက်လေယာဉ်နဲ့ ဝဲသွားသေးတယ်။ တနေ့တုန်းကတော့ အချိန် ၁၂ နာရီလောက်က စကြဲတာပါ။ အဲ့ဒါပြီးတော့ ၁၅ မိနစ်လောက်ပဲခြားမယ်၊ နောက်ထပ်တစီး လာဝဲပြီးပစ်တယ်။ တော်တော်ကြာတယ်နော် တခါတခါဝဲရင် မိနစ် ၂၀ လောက်ကြာမယ်။ ကျနော့်အမေကလည်း အသက်ကြီး လမ်းမလျှောက်တတ်တဲ့ဟာဆိုတော့ သွားပြီးတော့မှ ကျနော်တို့ ထုတ်ကြတာ။ ထုတ်ကြတဲ့အချိန်မှာ ကျနော်တို့ခေါင်းပေါ်တွေဝဲပြီးမှ ပစ်လို့ကို ဟိုပုန်းဒီပုန်းနဲ့ ပုန်းရတယ်။ သူတို့သတင်းရတာပေါ့လေ ဒလန်နဲ့။ AA က ဟိုဘက်ကမ်းကနေပြီးမှ ကူးတယ်လို့ ရဲဘော်တွေကူးတယ်လို့ ပြောတာကိုး။ ကူးပြီးမှ ကားနဲ့ အဲ့ဒီကားကို သတင်းပေးပြီးမှ ပစ်တာ၊ ဒါပေမဲ့ လူတွေကတော့မထိပါဘူး” လို့ ပြောပါတယ်။

စစ်ကိုင်း-ကချင်နယ်စပ်မှာရှိတဲ့ ကသာမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာမှာ ဂျက်ဖိုက်တာတွေနဲ့အတူ MI35 တွေကိုပါ အသုံးပြုခဲ့တာပါ။

ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းတုန်းကလည်း ကသာနယ် ကပလိပ်ရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တယောက် သေဆုံးခဲ့ပြီး ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ရာမှာ မြစ်ကြီးနားနဲ့ တံတားဦးလေဆိပ်တွေကို အဓိကသုံးစွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာနယ်ခံတဦးက “လေယာဉ်နဲ့ ကျနော်တို့ဘေးနားမှာတင် ပစ်သွားတာလေ။ ကျနော်တို့တောင်မှ ဒီမှာ ပြားနေအောင်ကို ဝပ်နေရတာ၊ ဘာမှကို မသိလိုက်ဘူး။ ကျနော်တို့ဝန်းကျင်ပဲ၊ ကျနော်ထင်တာ သဖန်းထောင့်ဝန်းကျင်လို့ ထင်တာပဲ။ ကျနော်တောင် အခုမှ ပုန်းတဲ့ဆီက ထွက်လာရတာ။ ကျ‌နော့်ခေါင်းပေါ်လေးကပဲ ကြဲတာ။ စက်သေနတ်တွေရော၊ ဗုံးတွေရော၊ စက်သေနတ်နဲ့က ၂ ကြိမ်ပစ်သွားတာ၊ ဗုံးကလည်း ၂ လုံး ၂ လုံးနဲ့ ၂ ခါကြဲသွားတာဆိုတော့ ၄ လုံးနေမှာ။ သူတို့ မိုးတားဘက်ကနေ ဖြတ်ခဲ့တာပဲ၊ မိုးတားခေါင်းပေါ်ကနေ ဖြတ်တက်ပြီးလာရတာ။ မြစ်ကြီးနားဘက်ပဲ ဖြစ်နိုင်မယ်၊ များသောအားဖြင့် မြစ်ကြီးနားပဲ။ သူတို့ ကချင်ဘက်မှာ ကြဲတဲ့ အပြာတိုက်လေယာဉ်ပဲ၊ အပြာနဲ့အဖြူကြား၊ သူတို့ ၂ ယောက်စီးလို့ ခေါ်ရမှာပဲလေ။ ကျနော်တို့ ဒီဘက်မှာ AA နဲ့ KIA လာတယ်လို့ကြားတယ်။ အဲ့ဒီသတင်းရလို့ လာတာလို့ ကျနော်တို့က ထင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်း-ကချင် နယ်စပ်မြို့နယ်တွေကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်မှာ စတင်ထိုးစစ်ဆင်ဖို့ ကြိုးစားခဲ့တာပါ။

စစ်ကိုင်းတိုင်းက PDF တွေကို KIA က ထောက်ပံ့နေတယ်လို့ စစ်ကောင်စီက ယူဆတဲ့အတွက် တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်တာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာတော့ KIA ထိန်းချုပ်နယ်မြေတွေတည်ရှိရာ စစ်ကိုင်းတိုင်း အထက်ပိုင်းက ခါမ်းပါတ်၊ ကောလင်း၊ ရွှေပြည်အေး၊ မော်လူးမြို့တွေကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက အချိန်တလကျော်အတွင်းမှာ သိမ်းယူခဲ့ပြီး ထီးချိုင့်နဲ့ ကသာမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013