DVB Logo
Home
မြန်မာသတင်း
မြန်မာလူငယ်များအတွက် ပညာသင်ဆုပေးရန် ကနေဒါအစိုးရထံ အလှမယ်ဟန်လေး တောင်းဆို
DVB
·
December 29, 2023
မြန်မာလူငယ်များအတွက် ပညာသင်ဆုပေးရန် ကနေဒါအစိုးရထံ အလှမယ်ဟန်လေး တောင်းဆို
Donate to DVB

မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသက လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်း ရရှိအောင် ကနေဒါအစိုးရအနေနဲ့ ပညာသင်ဆုတွေပေးနိုင်ဖို့ တင်ပြတောင်းဆိုထားတယ်လို့ Miss Grand Myanmar 2020 အလှမယ် ဟန်လေးက ဒီဗွီဘီကို ပြောပါတယ်။  

နွေဦးတော်လှန်ရေးအတွက် ကနေဒါနိုင်ငံက ရန်ပုံငွေရှာပွဲတွေမှာ ကနေဒါရောက် မြန်မာတွေနဲ့အတူ ပါဝင်နေတဲ့ အလှမယ် ဟန်လေးဟာ လာမယ့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ ပြည်တွင်းနဲ့ နယ်စပ်ဒေသတွေက ကျောင်းသားလူငယ်တွေအတွက် ကနေဒါအစိုးရအနေနဲ့ ပညာသင်ဆုတွေ များများ ပေးနိုင်ဖို့ တင်ပြတောင်းဆိုထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေးဟာ ကနေဒါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်နဲ့ စရောက်ကတည်းက Cross Country Canada Fundraising ပွဲတွေမှာ ပါဝင် ကူညီပေးနေတာပါ။

ဒါ့အပြင် တိုရွန်တို တက္ကသိုလ်မှာလည်း နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာ ဆက်ဆံရေး တက်နေတဲ့ ကျောင်းသားတွေကို မြန်မာနိုင်ငံအကြောင်း အသိပညာမျှဝေတဲ့  Awareness Sharing Meeting တွေ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

အလှမယ် ဟန်လေးက “ပုံမှန်ဆိုလို့ရှိရင် တခြားနိုင်ငံတွေကို စကောလားရှစ်တွေ ပေးတာကိုး။ ဟန်လေးတို့ဆိုရင်လည်း တင်ပြကြည့်တာပေါ့။ မြန်မာနိုင်ငံက ကလေးတွေကို တနှစ်ကို စကောလားရှစ် ဘယ်နှစ်ယောက်ခေါ်ရင် ပိုကောင်းမယ်ပေါ့။ သူတို့အနေနဲ့ ဘယ်လို လုပ်ဆောင်နေလဲ မသိသေးဘူး။ ဟန်လေးတို့ တင်ပြထားတာပေါ့။ နယ်စပ်က ကလေးတွေပဲဖြစ်ဖြစ်၊ ပြည်တွင်းက ကလေးတွေပဲဖြစ်ဖြစ် Full Scholar ပေးရင် ပိုကောင်းတာပေါ့။ လူသားချင်းစာနာထောက်ထားမှု အနေနဲ့ တခြားနေရာတွေ ထောက်ပံ့တာထက်စာရင် အနာဂတ် ကလေးတွေ အခုဆိုရင် ကျောင်းမတက်ရတာတွေ အရမ်းများနေတယ်ဆိုတော့လေ သူတို့ဘက်က တခုခု လုပ်ပေးနိုင်မယ်ဆိုရင် စကော်လာ ခေါ်နိုင်ရင် လူငယ်တွေအတွက် ပိုကောင်းမယ်ပေါ့လေ။ ဒါကတော့ ဟန်လေးတို့ လုပ်ပေးနိုင်တဲ့ ပြောပေးနိုင်တဲ့အနေအထားနဲ့ ပြောထားတာပေါ့လေ”လို့ ပြောပါတယ်။

ဟန်လေးက ကနေဒါမှာ  ရန်ပုံငွေရှာပွဲတွေအပြင် NUG အစိုးရ  ၊ ကနေဒါ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေနဲ့ ကနေဒါ အစိုးရက မြန်မာနိုင်ငံကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ဘယ်လို ပေးနိုင်မလဲ ဆွေးနွေးကြတဲ့ အစည်းအဝေးတွေ တက်ရောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဟန်လေး ကိုယ်တိုင်လည်း ကနေဒါနိုင်ငံမှာ ပညာသင်ကြားဖို့ ကြိုးစားနေပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကစပြီး Digital Marketing အထူးပြုဘာသာရပ်ကို ကနေဒါနိုင်ငံက ပုဂ္ဂလိကတက္ကသိုလ်တခုမှာ တက်ရောက်သွားမယ်လို့လည်း သိရပါတယ်။

အလှမယ် ဟန်လေးက “ဟန်လေးက ဇန်နဝါရီကျရင် ကျောင်းပြန်တက်ဖို့ စဉ်းစားထားတယ်။ ဘာလို့လဲဆိုတော့ ပုံမှန် ဒီ သူများနိုင်ငံ ရောက်သွားတဲ့အခါ အလုပ်မှာ ရုန်းကန်ရတာထက် ဟန်လေးထင်တာက ဟန်လေးက ငယ်လည်း ငယ်သေးတယ်။ ဒီအတိုင်း အလုပ်ဝင်လုပ်လိုက်လည်း ရတယ်။ မော်ဒယ် ဆက်လုပ်လည်း ရတယ်။ ဒါပေမဲ့ ရေရှည်အတွက်ကျတော့ ကိုယ့်နိုင်ငံမှာလည်း မဟုတ်ဘူးဆိုတော့ ကိုယ့်ဘာကိုယ် ငွေကြေးအရ အမှီအခို ကင်းကင်း ရပ်တည်ဖို့ကလည်း ကိုယ့်အနာဂတ် ကြည့်ရမှာလည်း ရှိသေးတယ်။ နိုင်ငံရေး လုပ်နေတာလည်းတပိုင်း၊ ဟန်လေး ဘဝအတွက်လည်း သွားရမယ်။ ဆိုတော့ ကျောင်းတက်မယ်။ ကျောင်းပြီးလို့ရှိရင် ကျောင်းနဲ့ ပတ်သက်တဲ့အလုပ် လုပ်မယ်။ အခု Business လုပ်ဖို့ စဉ်းစားထားတယ်။ ဟန်လေး မားကတ်တင်းကို စိတ်ဝင်စားတယ်။ ဆိုတော့ ဒီဇန်နဝါရီကစပြီးတော့ Business ကျောင်း တက်ဖို့ စဉ်းစားထားတယ်”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် အလှမယ် ဟန်လေးဟာ ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို၊ ၂၀၂၁ မတ်လ ၂၇ ရက်က ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Miss Grand International 2020 ပြိုင်ပွဲစင်မြင့်ထက်မှာ “စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့” ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုတွေကို ကမ္ဘာသိအောင် ထုတ်ဖော် ပြောခဲ့တာပါ။

အဲဒီနောက် ဟန်လေးဟာ ထိုင်းနိုင်ငံမှာ တနှစ်လောက် နေထိုင်ခဲ့ပြီး ဗီဇာကိစ္စ သက်တမ်းတိုးဖို့ ဗီယက်နမ်ကနေ ထိုင်းကို ပြန်လာစဉ်မှာ စစ်ကောင်စီရဲ့ သတင်းပေးမှုကြောင့် ထိုင်းလေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အကူအညီနဲ့ ကနေဒါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် ရရှိခဲ့ပါတယ်။

ဇွဲသစ်

 Photo-HanLay

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013