DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ၊ ဒီပဲယင်းနှင့် ဝက်လက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
December 22, 2023
ပခုက္ကူ၊ ဒီပဲယင်းနှင့် ဝက်လက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၃ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ် တွင်းမကျေးရွာကနေ မနေ့မနက် ၅ နာရီ မိနစ် ၄၀ လောက်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ညနေ ၄ နာရီကျော်လောက်က ညောင်ဂျစ်ပင်ကျေးရွာ အရောက်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၈ လုံးလောက် ဖြုတ်ချတိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“တွင်းမပျူရွာကနေ မြေရင့်တို့၊ ပခုက္ကူမြို့နယ် ကမ္မရဲ့ ခေါင်းရင်းလောက်က ရွာလေးငါးရွာလောက်ကို စစ်ကောင်စီစစ်ကြောင်း ဖြတ်တဲ့အချိန်မှာ လမ်းတလျှောက်လုံး ဒရုန်းတွေနဲ့ လိုက်ချခဲ့သလို ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ရောက်တဲ့ အချိန်မှာလည်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်။”

အဲဒီစစ်ကြောင်းက ညနေ ၄ နာရီ မိနစ် ၄၀ လောက်မှာ ညောင်ဂျစ်ပင်ကို ဝင်လာလို့ ဒရုန်းအကြီး၊ အသေးတွေနဲ့ ညနေ ၅ နာရီကျော်တဲ့အထိ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့   ဗိုလ်လက်ယာက ပြောပါတယ်။

“ကျနော်တို့ကို သတင်းပေးနေတဲ့ ဖုန်းသမားက သွားစုံစမ်းတဲ့အချိန်မှာ ကျနော်တို့နဲ့ အပြန်အလှန် အဆက်သွယ်ရှိတယ်ဆိုတာ သိသွားလို့ အဲဒီရွာကလူတွေအကုန်လုံးရဲ့ ဖုန်းတွေကို သိမ်းပစ်လိုက်တယ်။”

ဒဏ်ရာရရှိတဲ့သူ ၃ ယောက်ကိုတော့ ညောင်ဂျစ်ပင်ကို လာရောက်ခေါ်ယူဖို့ ပခုက္ကူမှာ ကားစီစဥ်နေကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ ဓားမင်းကြီးအဖွဲ့၊ Black Cobra နဲ့ ပခုက္ကူ သူရိန်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာလည်း ရွာသစ်ငြိမ်းချမ်းရွာနဲ့ ဝဘာရွာဘက်မှာ မနေ့မနက် ၇ နာရီလောက်က ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ Freedom Revolution Force အဖွဲ့က သိရပါတယ်။

Freedom Revolution Force သတင်းတာဝန်ခံက “အနီးကပ်ပစ်ခတ်တာ ဟုတ်ပါတယ်။ မိနစ် ၂၀ လောက်တော့ တိုက်ပွဲဖြစ်ခဲ့တယ်။ သူတို့ဘက်က စစ်သား ၇၀ ပါတဲ့ ခြေလျင်စစ်ကြောင်းပါ။ ကျနော်တို့ မျက်မြင်ရတာက လက်နက်ငယ်နဲ့ သုံးယောက်သေပါတယ်” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ထဲကို ဒီဇင်ဘာ ၁၆ ရက်ကစတင်ပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပြီးနောက် ပျော်ဘွယ်မစိုးရိမ်ရွာ၊ အောင်ချမ်းသာရွာ၊ ပင်စည်ရွာ၊ ခွင့်တောင်းရွာနဲ့ ပုဂံရွာတွေကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ရွာတွေကို မီးရှို့ခဲ့တဲ့စစ်ကြောင်းက ဒီနေ့မနက် လျှော်ဖြူရွာက နေအိမ်တလုံးကို မီးရှို့ခဲ့ကာ ရေဦးမြို့ထဲကို ပြန်ဝင်သွားပြီလို့လည်း ဆိုပါတယ်။

စစ်တပ်ကမီးရှို့ခဲ့လို့ ပျော်ဘွယ်မစိုးရိမ်ရွာက ဆီဆိုင်အဟောင်းနှစ်ဆိုင်၊ အောင်ချမ်းသာရွာက စစ်ရှောင်ကားတစီး၊ ပင်စည်ရွာက တဲတလုံး၊ ခွင့်တောင်းရွာက တဲနှစ်လုံးနဲ့ ပုဂံရွာက နေအိမ်အပြင် စပါးတိုက်တွေပါ မီးလောင်ပျက်စီးသွားပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာတော့ မြောက်ဘက်ရှိ သခ္ခေတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မနေ့ညနေ ၃ နာရီလောက်က တိုက်ခိုက်ခံခဲ့ရပြီး ဒုရဲအုပ် အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့ပေါ် အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ရဲ၊ ပျူနဲ့ စစ်တပ်တို့ ပူးပေါင်းပြီး အင်အား ၃၀ လောက်နဲ့ စစ်​ကြောင်းထွက်လာချိန်မှာ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“တိုက်ပွဲက တနာရီလောက်တော့ ကြာပါတယ်။ ထိခိုက်သေဆုံးမှုကတော့ တပ်တွင်း သတင်းပေါ့နော်။ ညပိုင်းမှာ ဝက်လက်သင်္ချိုင်းမှာ အမိန့်ပြန်ပြီး နှစ်လောင်း  သင်္ဂြိုဟ်သွားတာရှိတယ်။ စနိုက်ပါနဲ့ပစ်တဲ့အချိန် တယောက်သေသွားတယ်။”

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဒုရဲအုပ် လွင်မိုးအောင်၊ တပ်ကြပ်ပြီး ဆန်းနိုင်နဲ့ ပျူစောထီး သက်ဖြိုးဇော်တို့ သေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟံလင်းပျူမြို့ဟောင်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကိုလည်း ဒီဇင်ဘာ ၂၀ ရက် မနက် ၁၀ နာရီလောက်မှာ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ Black Wolf Army တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013