DVB Logo
Home
မြန်မာသတင်း
ရေစကြို၌ စစ်ကောင်စီတပ် တာဝေးဒုံးဖြင့် ပစ်ခတ်ခံရ၊ ထီးလင်း ရေမျက်နီရဲစခန်း တိုက်ခိုက်ခံရ
DVB
·
December 21, 2023
ရေစကြို၌ စစ်ကောင်စီတပ် တာဝေးဒုံးဖြင့် ပစ်ခတ်ခံရ၊ ထီးလင်း ရေမျက်နီရဲစခန်း တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာတေ PDF ထံမှ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီမှာ ဂွေးချိုရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့နေရာကို တာဝေးပစ်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ဂွေးချိုရွာမှ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တာတေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လီယိုက “ပခုက္ကူ GTC နည်းပညာကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ရော့ကက်နဲ့ သွားပစ်တာ၊ အနီးအနားကျေးရွာတွေ ထိခိုက်မှာစိုးလို့ ဂွေးချိုပျူရွာဘက်ကို လာပစ်တာ။ သူတို့ရွာထဲက ကျနော်တို့ အင်ဖော်မာက ဖုန်းနဲ့အတည်ပြုပေးပါတယ်၊ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

အခုစစ်ရေးမစ်ရှင်ကို တာတေ PDF၊ ကော်ဘရာဝမ်း ပခုက္ကူကျေးလက်ကာကွယ်ရေး၊ စနေမင်း PDF၊ 7 stars ရေစကြို၊ ဘငြိမ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာလည်း ရေမျက်နီရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်မှာ ယောကာကွယ်ရေးတပ် YDF က ထုတ်ပြန် ပါတယ်။

ထီးလင်းမြို့နယ် ရေမျက်နီရဲစခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၄ ရက်ကနေ ၉ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ကြတာလို့ YDF ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံ ကိုစိုးဦးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတိုက်ပွဲအတွင်းမှာ ကျနော်တို့ မျက်မြင်အရဆိုရင် စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေသွားတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ စစ်ကောင်စီဘက်က အခြေအနေကတော့ လက်နက်ခဲယမ်းရော၊ ရိက္ခာရော တနှစ်စာ ကြိုတင်ပြင်ဆင်ထားတာ ဖြစ်လို့ ကျနော်တို့က စခန်းသိမ်းနိုင်ဖို့ ခက်ခဲသွားခဲ့တာပါ။ ကျနော်တို့က တပတ်တိတိ စခန်းသိမ်းနိုင်ဖို့ လုံးဝနောက်မဆုတ်ဘဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းပစ်ကူကလည်း အကြိမ်ရေ ၂၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရလို့ စခန်းသိမ်းနိုင်ဖို့ တော်တော်လေး ခက်ခဲသွားခဲ့တယ်။”

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013