DVB Logo
Home
မြန်မာသတင်း
အရာတော်၊ မြောင်၊ ပုလဲနှင့် ရေဦးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား
DVB
·
December 21, 2023
အရာတော်၊ မြောင်၊ ပုလဲနှင့် ရေဦးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာအနီး တောလမ်းတနေရာမှာ ဒီဇင်ဘာ ၂၀ ရက် နေ့လယ်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်က ပြောပါတယ်။

နောင်ကြီးအိုင်ရဲစခန်းကနေ စတင်စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ဒီကောင်တွေ ထွက်လာတာကို သိလို့‌ ကျနော်တို့ဘက်က အလစ်ကြားဖြတ်တိုက်ခိုက်တာဗျ။ စစ်ကောင်စီဘက်က ၁၀ ထက်မနည်း အကျဆုံးတော့ ရှိလိမ့်မယ်ဗျ။ ကျနော်တို့ဘက်က ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်။ တိုက်ပွဲက ၁ နာရီကျော် ကြာတယ်ဗျ။ သူတို့ဘက်က အထိနာလို့ နမခ (အနောက်‌မြောက်တိုင်း စစ်ဌာနချုပ်) ကနေ လေယာဉ်နဲ့ စစ်ကူပေးတာတွေ ရှိခဲ့တယ်ဗျ။ လေယာဉ်နဲ့ပစ်တာကတော့ ကျနော်တို့အဖွဲ့တွေ ထိခိုက်မှုမရှိခဲ့ဘူး” လို့ အရာတော်မြို့နယ်မြောက်ပိုင်း ပကဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်က မကျီးကန်၊ ကုန်းသာ၊ ပါရမီ၊ ကြာပင်လှ စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်က စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၂၀ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ဒရုန်းယာဉ်အသုံးပြု ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ ရေဦးမြို့တွင်းက ဂါဝီပန်းခြံအနီးမှာ နေ့စဉ် ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တောင်းခံနေပြီး ငွေမပေးနိုင်တဲ့ ပြည်သူတွေကို ပုဒ်မအမျိုးမျိုးတပ် ထောင်ချတာတွေ ပြုလုပ်တယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။

“ပေါက်ကွဲတာကတော့ ဟုတ်တယ်ဗျ။ ပေါက်ကွဲသံကြားပြီး ဆဲဆိုတဲ့အသံတွေလည်း ကြားရတယ်လေ။ ကျနော်တို့က PDF က မြို့ထဲဝင်ပြီး စစ်သားတွေကို ဝင်ပစ်နေတာလို့ ထင်နေတာ။ နောက်ပိုင်း ဒရုန်းယာဉ်နဲ့ ဗုံးသီးအချခံရတာလို့ အချင်းချင်းပြောကြလို့ သိရတာ။‌ စစ်သားအသေအဆုံးရှိ၊ မရှိတော့ မသိဘူး။ စစ်သားမြင်ရင် ကျနော်တို့ကတော့ အဝေးကြီးကကို ရှောင်တာ” လို့ ရေဦးမြို့နေ ကားသမားတဦးက ပြောပါတယ်။

ရေဦးမြို့၊ ဂါဝီပန်းခြံအနီးမှာ စစ်ကောင်စီတပ် စစ်ဆေးရေးလုပ်နေတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

“ဒရုန်းယာဉ်နဲ့ ရေဦးမြို့ပေါ်က စစ်ကောင်စီတပ်ကို ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်ဆိုတာ ဟုတ်တယ်ဗျ။ ချတာက ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တာ။ စစ်သားအသေအဆုံးကတော့ မသိရသေးဘူး” လို့ ရေဦးပအဖ တာဝန်ရှိသူ ဗိုလ်နတ်ဆိုးက ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၄ လို့ လူသိများတဲ့ ရေဦးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က Fix Wings ဒရုန်းလေယာဉ်ငယ်တွေနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက် ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ် ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ပုလဲမြို့နယ် ‌သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူ ဒေါင်းညိုက “ကျနော်တို့ရဲ့ NUG တရားရုံးကို လေယာဉ်နဲ့ဗုံးကြဲလို့ သူတို့အထိုင်စခန်းကို လက်စားချေတဲ့ သဘောပါဗျ။ တိုက်ပွဲကတော့ အပြန်အလှန် ပစ်ခတ်ခဲ့တာပါ။ အကျအဆုံးကတော့ ကျနော်တို့ဘက်က အထိအခိုက် မရှိခဲ့ဘူး။ သူတို့ဘက်ကတော့ အထိအခိုက် ရှိနိုင်တယ်ဗျ။ အထိအခိုက်ရှိလို့လည်း ပုလဲမြို့ဘက်ကနေ စစ်ကူတောင်းတာထင်တယ်ဗျ။ ပုလဲကနေ စစ်ကြောင်းထိုးလာပြီး စစ်ကူလာနေတာ ရှိတယ်။ အဲဒီစစ်ကြောင်းကတော့ ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မြကုန်းရွာကို ရောက်နေတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ကျည်အင်အားမလုံလောက်လို့ နောက်တပ်ဆုတ်ပေးထားရတယ်။ ကျည်သာရှိလို့ကတော့ သူသေ၊ သူသေကို တိုက်ချင်တာ” လို့ ပြောပါတယ်။

BNAF အဖွဲ့ရဲ့ တပ်ခွဲ ၂ တောမုဆိုး၊ SPDF၊ မဲမှောင်ပြောက်ကျား၊ သေမင်းတမန်၊ မျိုးဆက်သစ်၊ ဖီးနစ်၊ BDF၊ အမေ့သားပြောက်ကျား၊ ဇာနည်သွေး၊ YM ဗရာသာစွန်ညိုကြီးအဖွဲ့ စတဲ့အဖွဲ့စုံနဲ့ နှစ်ရက်တာတိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် စစ်ကြောင်းဦးတည်ရာတည့်တည့်ရှိ ကျေးရွာက ဒေသခံအများအပြား စစ်ရှောင်နေရပြီး စားဝတ်နေရေးနဲ့ အဝတ်အထည်တွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက်ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သနပ်ကုန်းရွာနဲ့ ကျောက်တန်းရွာတွေကို စစ်ကြောင်းထိုးပြီး ကျောက်ရစ်ရဲစခန်းကို ပြန်လာတဲ့ အင်အား ၉၀ နီးပါရှိ စစ်ကောင်စီတပ် အလစ်တိုက်ခံရပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေနဲ့ Air Bomb ၁၂ လုံး၊ လက်လုပ် Rocket ၁၂ လုံး၊ လက်လုပ် ၆၀ မမ ၂၃ လုံးတို့နဲ့ တိုက်ခိုက်ခဲ့တယ်လို့ MSPDF (Myaung Special People Defence Force) က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

MSPDF တာဝန်ရှိသူတဦးက “အထိအခိုက်က စုံစမ်းဆဲပါ။ သနပ်ကုန်းနဲ့ ကျောက်ရစ်က နီးနီးလေး၊ ကျောက်တန်းက သနပ်ကုန်းတောင်ဘက်မှာ နယ်မြေစိုးမိုးမှုကြောင့် စစ်ကြောင်းထိုးတာပါ” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း MSPDF/MSDF၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ အမှတ် ၃ တပ်ရင်း အပါအဝင် တခြားမဟာမိတ် ၉ ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013