DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်လက်တိုက်ခိုက်
DVB
·
December 20, 2023
ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်လက်တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့တိုက်ပွဲဟာ ၄၂ ရက် ကြာမြင့်လာပြီး ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ မြစ်ကြီးနားဘက်ကလာတဲ့ တိုက်လေယာဉ်တွေ ထီးချိုင့်မြို့ထဲကို ပစ်ခတ်ခဲ့သလို  ဒီဇင်ဘာ ၂၀ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ တံတားဦးဘက်ကလာတဲ့ တိုက်လေယာဉ်တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ထီးချိုင့် PDF ခေါင်းဆောင်တဦးက “၁၀ နာရီ ၁၁ နာရီဝန်းကျင်ပေါ့ အဲ့ကောင်က ၄ စီး။ နောက် ညနေကြတော့ ၃ နာရီခွဲ ၄ နာရီလောက်ပေါ့။ မြစ်ကြီးနားကလာတာ။ ထီးချိုင့်မြို့ထဲပေါ့။ အမှတ် ၄ ဘက်တွေ အဲ့ဒီလိုမျိုးတွေပစ်တယ်။ အိမ်ကတော့ မီးရှို့ထားတာကို မနည်းဘူးဖြစ်နေပြီ။ ထန်တလန်ထက်ဆိုးတယ်။ တနိုင်ငံလုံးမှာ ထီးချိုင့်မြို့လောက်ဆိုးတာ မရှိဘူး။ မီးကလည်း နေ့တိုင်းနီးပါးပဲရှို့တာ ကုန်သလောက်ပေါ့။ ခုတောင် တံတားဦးကတက်တာ မြို့ထဲကို ထပ်ချသွားပြီ” လို့ ပြောပါတယ်။

ဧရာဝတီမြစ်တဖက်ကမ်း မြတောင်ကျေးရွာအုပ်စုဘက်က စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းကို မပိတ်နိုင်သေးတာကြောင့် ထီးချိုင့်မြို့ထဲမှာ စစ်ကောင်စီက ဆက်လက်တပ်စွဲထားနိုင်တာ ဖြစ်တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းကနေလည်း လက်နက်နဲ့ရိက္ခာတွေ ဆက်ပို့ပေးနေပြီး မြန်မာပြည်အထက်ပိုင်းမှာ ထီးချိုင့်မြို့ဟာ ဗျူဟာအရ အရေးပါတာကြောင့် စစ်ကောင်စီက လက်လွတ်မခံနိုင်တာဖြစ်တယ်လို့ ထီးချိုင့် PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

“သူတို့က ဒီမြို့က အချက်အချာကျတဲ့မြို့ကိုးဗျ၊ အထက်ဗမာပြည်အတွက်လေ။ ဒါကြောင့် တော်တော်နဲ့ အဆုံးရှုံးမခံနိုင်တာ။ အင်အားကတော့ သူက မြတောင်ဘက်ကနေကူးပြီးမှ ပို့တယ်လို့ ယူဆလို့ရတယ်။ ကုန်းကျတဲ့နေရာတွေ၊ အချက်အချာကျတဲ့နေရာတွေ၊ ဘာသာရေးအဆောက်အဦတွေကို အခိုင်အမာ တပ်စွဲထားတယ်။ ကတုတ်ကျင်းတွေ ဘာတွေ ကျကျနန လုပ်ပြီးတော့။ ကျောက်စေတီရယ်၊ မြသိန်းတန်ရယ်၊ ရဲစခန်းရယ်ပေါ့။ အမှတ် ၄ ထဲ အဲ့ဒီလိုဖြန့်နေတယ်။”

စစ်ကိုင်းတိုင်း၊ တမူးနယ်၊ ခါမ်းပါတ်မြို့ကိုတော့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ပြန်ထိန်းထားနိုင်ပြီဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်မှာ အင်အား ၂၀၀ ဝန်းကျင်နဲ့ ထိုးလာတဲ့ စစ်ကြောင်းမှာ စစ်‌ကောင်စီတပ်သား အယောက် ၃၀ ဝန်းကျင်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီက ပြောက်ကျားစနစ်ကိုသုံးပြီး ခါမ်းပါတ်မြို့ကို ပြန်ချဉ်းကပ်ခဲ့တာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေက မြို့ကိုထိန်းဖို့ အခက်အခဲကြားက ကြိုးစားခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ကလေး PDF တပ်ဖွဲ့ဝင်တဦးက “ခါမ်းပါတ်ကို ကျနော်တို့က နောက်ထပ်တခေါက် ပြန်သိမ်းထားတယ်။ ဒါပဲရှိသေးတာ။ ကလေးကတော့ စောင့်ကြည့်အနေအထားပေါ့။ အကုန်လုံးတော့ ထိန်းထားနိုင်တယ်။ ခါမ်းပါတ်ကိုရလို့ရှိရင် သူတို့က ကြားခံနယ် ဖြစ်သွားပြီလေ။ ကြားခံမှာ သူတို့က စခန်းတခုထိုင်ထားပြီဆိုရင်ကြတော့ ကျနော်တို့ဘက်ကလူတွေ သွားရလာရတာ အရမ်းကျပ်တည်းတယ်လေ။ အချိတ်အဆက် မမိနိုင်ဘူးပေါ့ဗျာ။ ကျနော်တို့ တိုက်ပွဲတခုလုပ်ရတဲ့ အခြေအနေမှာကြရင် ကလေးနဲ့ တမူးကျတော့။ အဲ့ဒီလိုမျိုးကြောင့် ပြန်လိုချင်တယ်လို့ထင်တယ်။ ခါမ်းပါတ်ကလည်း အချက်အချာကျတယ်လေ” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စပြီးနောက်ပိုင်း ကချင်ပြည်နယ်စပ် စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

အချိန်တလအတွင်းမှာ ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးမြို့တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပေမဲ့ စစ်ကောင်စီက ပြန်လည်ဖိအားပေး တိုက်ခိုက်တာတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ဘေးသင့်နေပြီး စားဝတ်နေရေး ခက်ခဲနေပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013