DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် စစ်ကောင်စီ တိုက်လေယာဉ်မှူး ပြည်သူကို ဝန်ချတောင်းပန်
DVB
·
December 19, 2023
ဖမ်းဆီးခံထားရသည့် စစ်ကောင်စီ တိုက်လေယာဉ်မှူး ပြည်သူကို ဝန်ချတောင်းပန်
Donate to DVB

ကရင်နီပြည်မှာ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်မှူးက သူ့ရဲ့ လုပ်ရပ်တွေအပေါ်မှာ နောင်တရပြီး ဝန်ချတောင်းပန်ပါတယ်လို့ ပြောပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State) က ဒီနေ့ ထုတ်ပြန်လိုက်တဲ့ လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးရဲ့ ဗွီဒီယိုဖိုင်မှာ ပြောဆိုထားတာဖြစ်ပါတယ်။

“ကယားဘက်မှာဆိုရင်တော့ ဘုရားဖြူဘက်မှာ စစ်ဆင်ရေးမှာ ဗုံးကြဲတိုက်ခိုက် တာတွေကို ကျနော် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုမျိုး လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အပြစ်မဲ့ပြည်သူတွေ ထိခိုက်ပျက်စီးတာ ကျနော် ပြန်လည် ကြားသိရတဲ့ အတွက်ကြောင့် တကယ်လည်း စိတ်မကောင်းဖြစ်ပါတယ်။ တကယ်လည်း နောင်တလည်းရပါတယ်။ တကယ်လည်း ကျနော့်ကြောင့် သေကျေပျက်စီးသွားရတဲ့ မိသားစုတွေကို ဒီနေရာကနေ ဝန်ချပြီးတော့ တောင်းပန်ချင်ပါတယ်။ ရင်ထဲကနေ ပြီးတော့ တောင်းပန်ချင်ပါတယ်။ ပျက်စီးသွားတဲ့ မိသားစုတွေ၊ ကျနော် ဗုံးကြဲလိုက်လို့ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့ နေရာတွေ၊ ကျနော်ဗုံးကြဲလိုက်လို့ တကွဲတပြား ဖြစ်သွားတဲ့ မိသားစုတွေ ဘဝတွေကိုလည်း လက်ရှိလည်း တကယ့်ကို ကိုယ်ချင်းစာပြီးတော့ တကယ့်ကို နောင်တနဲ့ တကယ် ဝန်ချပြီးတော့ ကျနော်လုပ်ခဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေ အပေါ်မှာ ကြဲခဲ့တဲ့ ကျနော်ရဲ့ လုပ်ရပ်တွေအတွက် ကျနော် တောင်းပန်ပါတယ်လို့။ ရင်ထဲကနေပြီးတော့ တကယ်ကို တောင်းပန်ချင်ပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်လို့ စစ်ကောင်စီရဲ့ K 8 အမျိုးအစား အပေါ့စား တိုက်လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ ယောက်ကတော့ လေယာဉ်ကနေ ခုန်ချလွတ်မြောက်ခဲ့ပေမဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ ဗိုလ်မှူးခိုင်သန့်မိုးကို ဖမ်းဆီးရမိခဲ့တာပါ။

သူဟာ လေကြောင်းစစ်ဆင်ရေး အကြိမ် ၄၀ လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခု ကရင်နီပြည်ကို ပထမဆုံး လာရောက် ပစ်ကူပေးဗုံးကြဲပစ်ခတ်တာမှာပဲ လေယာဉ်ထိခိုက် ပျက်ကျခဲ့တာပါ။

“လေကြောင်းပစ်ကူတွေ ကျနော်တို့အနေနဲ့ ပစ်တဲ့အချိန်မှာ အရပ်ဘက်ပစ်မှတ်တွေကို အမိန့်အရ သွားပြီးတော့ ပစ်ရတဲ့အခါမျိုးမှာ၊ ပစ်ခဲ့ဖူးတဲ့ အခါမျိုးမှာ အောက်မှာ တကယ် ထိခိုက်သွားတဲ့ အဖွဲ့တွေ၊ ထိခိုက်သွားတဲ့ တိုင်းရင်းသားညီအကိုတွေ၊ မိသားစုတွေ အပြစ်မဲ့တဲ့ ကလေးတွေ သူတို့တွေ အားလုံးအတွက် ကျနော် ဒီနေရာကနေပြီးတော့ တကယ်ကို စိတ်ထဲမှာ မကောင်းပါဘူး။ တကယ်ကို ယူကျုံးမရနဲ့ ကိုယ်ချင်းစာတရားနဲ့ တောင်းပန်ချင်ပါတယ်။ နောက်နောင်လည်း ဒီလို လေကြောင်းကနေ တိုက်ခိုက်တဲ့ အလုပ်တွေလည်း မလုပ်ချင်ပါဘူး။ ပြီးတော့ ကိုယ့်ကိုလည်း ဘာမှလည်း အောက်ကနေ ပြန်ပြီးတော့ လုပ်လို့မရဘဲနဲ့ ကိုယ်ကနေပြီးတော့ အပေါ်စီးကနေပြီးတော့ပဲ ကိုယ်ပစ်လို့ရှိရင် ခံရမှာပဲဆိုတဲ့ အဲလိုမျိုး တဖက်သတ်စိတ်နဲ့ လုပ်ခဲ့တဲ့အတွက်လည်း နောင်တကြီးစွာရပါတယ်” လို့ သူက ပြောပါတယ်။

အရပ်ဘက်ပစ်မှတ်တွေဟာ လေယာဉ်ကို ဘာမှ ပြန်မလုပ်နိုင်တာကြောင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လေကြောင်းပစ်ကူပေးလာတဲ့တာဝန်တွေကို စိစစ်ကြဖို့၊ ကိုယ်ချင်းစာတရားနဲ့ လုပ်ဖို့ သူက တိုက်တွန်းပါတယ်။

“ကရင်နီတပ်ဖွဲ့တွေ၊ ပြည်သူတွေရှိတဲ့အရပ်က ကျနော့်အတွက် အသက်အန္တရာယ် ကင်းရှင်းတဲ့နေရာလို့ ကြိုသိခဲ့ရင် ၈ ရက်လောက် အစာအငတ်ခံပြီး တောထဲ လျှောက်သွားနေမှာ မဟုတ်ဘူး။ အလံဖြူထောင်ပြီးတော့လည်း ဝင်လာလို့ရပါတယ်။ ကျနော်တို့ ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် ပြန်အဖတ်ဆယ်ပြီးတော့ လေသူရဲရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းနိုင်ရန် ပြည်သူတွေဘက် ရပ်တည်ဖို့ တိုက်တွန်းလိုပါတယ်” လို့လည်း ဗိုလ်မှူး ခိုင်သန့်မိုးက ပြောတဲ့အကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြီးတော့ သူဟာ လက်ရှိမှာ ကျန်းကျန်းမာမာရှိနေကြောင်းလည်း သူ့မိသားစုကို အသိပေးထားပြီး သူ့ရဲ့လုပ်ရပ်တွေအတွက် KNDF က ပေးတဲ့ ပြစ်ဒဏ်တွေခံယူပြီးရင် မိသားစုနဲ့ ပြန်ဆုံဆည်းမယ်လို့လည်း ပြောဆိုပါတယ်။

“မိသားစုကို ကျနော် ပြောချင်တဲ့အကြောင်းအရာကတော့ ကျနော်လုပ်ခဲ့တဲ့ ကျနော့် အပြစ်တွေအတွက် KNDF ကပေးတဲ့ အပြစ်တွေ ခံယူပြီးပြီ ဆိုရင်တော့ မိသားစုနဲ့ တချိန်မှာ ပြန်လည်ဆုံတွေ့ပါမယ်။ ကျနော့်သားတွေ သမီးတွေကိုလည်း ကျနော် ဒီနေရာကနေ အများကြီး သတိလည်းရပါတယ်။ လွမ်းလည်း လွမ်းဆွတ်ပါတယ်။ ကျနော့်ရဲ့ အခုပုံကို မြင်နေရတယ်ဆိုရင် အားတင်းထားပါ။ ကျနော်လည်း ဒီမှာ အသက်ရှင်ပြီး အားတင်းထားပါတယ်။ အကယ်ရွေ့ ဒီကိစ္စတွေ အားလုံးပြီးတဲ့အချိန်မှာ ပျော်ရွှင်စရာ မိသားစုဘဝကို ဆက်လက် တည်ဆောက်သွားမယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

သူဟာ ၁၉၉၉ ခုနှစ်မှာ ဆယ်တန်းအောင်ပြီးနောက် စစ်တက္ကသိုလ်တက်ပြီး လေယာဉ်မောင်း သင်တန်းက ဆင်းတာနဲ့ လေတပ်မှာ တာဝန်ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013