DVB Logo
Home
Lead Story
စစ်ဓားပြခွန် (သို့) အခွန်နှစ်ထပ်ကွမ်း လုယက်မှု
DVB
·
December 19, 2023
စစ်ဓားပြခွန် (သို့) အခွန်နှစ်ထပ်ကွမ်း လုယက်မှု
Donate to DVB

အခွန်ဆိုတာဟာ အများပြည်သူနဲ့ နိုင်ငံအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေ အသုံးစရိတ်အမျိုးမျိုး ဖြည့်တင်းနိုင်ဖို့ အစိုးရအဖွဲ့အစည်းတရပ်က အခွန်ထမ်းပြည်သူတဦးချင်း ဒါမှမဟုတ် ကုမ္ပဏီလုပ်ငန်း တရားဝင်အဖွဲ့အစည်းတွေအပေါ် ပြဋ္ဌာန်းထားတဲ့ အခွန်ဥပ‌ဒေနဲ့အညီ စည်းကြပ် သတ်မှတ်ပေးဆောင်ရတဲ့ ငွေကြေးအဖိုးအခ ဖြစ်ပါတယ်။

သမိုင်းမှာ ပထမဆုံး အခွန်ကောက်ခံခြင်းကို ခရစ်တော်မပေါ်မီ BC ၃၀၀၀-၂၈၀၀ ဝန်းကျင်က ရှေးအီဂျစ်နိုင်ငံမှာ စကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။ အဓိကအားဖြင့် တိုက်ရိုက်ခွန်နဲ့ သွယ်ဝိုက်ခွန်ဆိုပြီး နှစ်စုခွဲနိုင်ပါတယ်။ တိုက်ရိုက်ခွန်ဆိုတာက လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီလုပ်ငန်းတွေကို တိုက်ရိုက်ကောက်ခံတဲ့ အခွန်ဖြစ်ပြီး တခြားသူကိုလွှဲပြီး အခွန်ထမ်းဖို့ ခွင့်မပြုတဲ့ အခွန်ဖြစ်ပါတယ်။ ဥပမာပေးရရင် ဝင်ငွေခွန် (income tax) နဲ့ အမြတ်ခွန် ကော်ပိုရိတ်ခွန် (corporate tax) ပိုင်ဆိုင်မှုအပေါ် စည်းကြပ်တဲ့ ဥစ္စာခွန် (property tax) တို့ ဖြစ်ကြပါတယ်။

ဒုတိယအခွန်အမျိုးအစားကတော့ သွယ်ဝိုက်ခွန်ဖြစ်ပါတယ်။ ကုန်စည်နဲ့ ဝန်ဆောင်မှုအပေါ် စည်းကြပ်တဲ့အခွန် ဖြစ်ပါတယ်။ အခွန်ဝန်ကို ရောင်းသူက ဝယ်သူထံ လွှဲနိုင်ပါတယ်။ တန်ဖိုးနဲ့ အရေအတွက်ပေါ် မူတည်ပြီး စည်းကြပ်လေ့ရှိပါတယ်။ ထင်ရှားတဲ့ သွယ်ဝိုက်ခွန်တွေကတော့ ရောင်းခွန် (Sales Tax) နဲ့ လက်ပြောင်းခွန် (Turnover Tax) သွင်းကုန်ထုတ်ကုန်တွေအပေါ် ကောက်ခံတဲ့ အကောက်ခွန် (Custom Duties or Tariff) တွေ ဖြစ်ကြပါတယ်။

မှန်ကန်တဲ့ အုပ်ချုပ်ပုံစနစ်ရှိတဲ့ နိုင်ငံတွေမှာတော့ ကောက်ခံရရှိတဲ့ အခွန်ငွေတွေကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အများပြည်သူဘဝ ပိုမိုအဆင်ပြေ သက်သာချောင်ချိ ကောင်းမွန်စေဖို့ လိုအပ်ချက်တွေမှာ အသုံးပြုကြတာမို့ အခွန်ဆောင်ပြည်သူတွေကလည်း လိုလိုလားလား ပေးဆောင်ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံကလို စစ်အာဏာရှင်တွေ၊ အစိုးရဆိုးတွေကတော့ ကောက်ခံရရှိတဲ့ ပြည်သူ့ဘဏ္ဍာအခွန်တွေကို သူတို့အာဏာတည်မြဲဖို့နဲ့ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နိုင်အောင် လက်နက်ခဲယမ်းမီးကျောက်တွေ ဝယ်ယူရာမှာ သုံးစွဲကြတာမို့ ပြည်သူအများစုက အခွန်ပေးဆောင်ဖို့ ဆန္ဒမရှိကြဘဲ သူတို့အပေါ် မသဒ္ဓါကြဘဲ အခွန်ရှောင်လေ့ ရှိကြပါတယ်။

စင်ကာပူနိုင်ငံ စစ်ဓားပြသံရုံးဟာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေ ဘာတခုမှ ကူညီမပေးတဲ့အပြင် သူတို့ချွေးနည်းစာနဲ့ တရားသဖြင့် ရှာဖွေထားအပ်တဲ့ ဝင်ငွေထဲက ပေးစရာလုံးဝမလိုအပ်တဲ့ ၂ ထပ်ကွမ်းအခွန် (သို့) စစ်ဓားပြကျည်ဆန်ဖိုး အခွန်ကို ဒီဇင်ဘာ ၁၂ ရက် ၂၀၂၃ ခုနှစ်မှာ အရှက်မရှိ စကောက်နေပြီ ဖြစ်ပါတယ်။

တကယ်တော့ မျှတမှန်ကန်တဲ့စနစ်ဆိုရင် နိုင်ငံသားတယောက်ဟာ သူရောက်ရှိရာအရပ်က နိုင်ငံ အစိုးရထံမှာ အဲ့ဒီနိုင်ငံရဲ့ ဝင်ငွေခွန်ဥပဒေအရ အချိုးကျပေးဆောင်ပြီးရင် မူရင်းနိုင်ငံမှာ ထပ်ဆောင်စရာ မလိုအပ်ပါဘူး။ ထပ်ဆောင်ခိုင်းရင် ၂ ထပ်ခွန်ပေးရတာမို့ အစိုးရက ဓားပြတိုက်တဲ့ သဘောပါပဲ။ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေဟာ စင်ကာပူအစိုးရကို ဝင်ငွေခွန် ဆောင်ခဲ့ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပြည်သူ့အစိုးရလက်ထက်မှာ ၂ ထပ်ခွန် ကောက်တာကို ရပ်ပစ်ခဲ့ပြီးပါပြီ။ ‌ကိုယ်ကိုယ်တိုင် ဘာမှ မအုပ်ချုပ်နိုင်လို့ ဒေါ်လာငွေ ပြတ်လပ်နေတဲ့ စစ်ဓားပြဂိုဏ်းက သေနတ်နဲ့ အာဏာလုပြီး ဓားပြဆက်တိုက်နေတာပါပဲ။

ဒေါ်လာငတ်နေတဲ့ စစ်ဓားပြတအုပ်ဟာ ဓားပြပီပီ ပြည်သူလူထုထံကငွေကို ဓားပြတိုက်တဲ့ နည်းအမျိုးမျိုးနဲ့ လုယက်ရာမှာ အခွန် ၂ ထပ်ကွမ်း ကောက်တာဟာ ဂုဏ်သိက္ခာမဲ့တဲ့ နည်းလမ်းတခုပဲ။ အခွန်နှစ်ထပ်မကောက်တော့ဘူးလို့ ၂၀၁၂ ခုနှစ်ကတည်းက အမိန့်ကြော်ငြာစာအမှတ် ၄၇၂/၂၀၁၂ နဲ့ စင်ကာပူနိုင်ငံ အပါအဝင် ၈ နိုင်ငံအစိုးရတွေနဲ့ လက်မှတ်ရေးထိုး သဘောတူပြီးသားကို အရှက်မရှိ ကမ္ဘာပုံအလယ်မှာ မျက်နှာပြောင်တိုက်ပြီး ချိုးဖောက်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ ကြုံတုန်း စာရေးသူမိတ်ဆွေတဦးက ပြောပြတဲ့ စင်ကာပူသံရုံးမှာ ကြုံခဲ့ရတဲ့ သူ့အတွေ့အကြုံတချို့ကို ဖောက်သည်ချလိုက်ပါတယ်။ စာရေးသူရဲ့မိတ်ဆွေဟာ အသက် ၇၀ ပတ်ဝန်းကျင်ရှိပြီး စင်ကာပူမှာ နေထိုင် အလုပ်လာလုပ်ရင်း အသက်အရွယ်ရလာတော့ အနားယူတဲ့အရွယ်ကို ရောက်နေပါပြီ။ သူ့ရဲ့ပတ်စပို့ သက်တမ်းတိုးဖို့ စင်ကာပူသံရုံးကိုသွားတော့ ကိုယ်ရေးရာဇဝင်ဖြည့်တဲ့စာရွက်မှာ အလုပ်အကိုင်အတွက် ပင်စင်စားလို့ ထည့်ရေးပါသတဲ့။

အဲ့ဒါကို သံရုံးအမှုထမ်းက အန်ကယ် ပင်စင်စားဆိုတာ အထောက်အထားလိုတယ်လို့ ပြောပါသတဲ့။ စာရေးသူမိတ်ဆွေက ပတ်စပို့ထဲမှာ မွေးနေ့သက္ကရာဇ် ပါတယ်လေလို့ ပြန်ပြောတော့ သံရုံးဝန်ထမ်းက ခဏစောင့်ပါဦး၊ အထက်အရာရှိကို မေးပေးမယ်ဆိုပြီး နောက်ခန်းထဲ ဝင်သွားပါသတဲ့။ ခဏနေတော့ ပြန်ထွက်လာပြီး အန်ကယ်ကြီး ပင်စင်ယူထားကြောင်း ထောက်ခံစာကို သံရုံးမှာ လျှောက်ထားနိုင်ပါသတဲ့ဗျာ။ ပြည်တွင်းက ရပ်ကွက်ကောင်စီရုံးမှာ ဘာလိုချင်ချင် ထောက်ခံစာလုပ်ပေးပြီး ပိုက်ဆံတောင်းတာမျိုး အကျင့်ပါနေတော့ နိုင်ငံခြားမှာ လာလုပ်နေပုံများ ပြောပါတယ်။

နောက်တခုက စင်ကာပူသံရုံးရဲ့ Consular Services Section ဌာနမှူးလား သံရုံးအတွင်းဝန်လားတော့ မသိပါဘူးတဲ့။ အရပ်က ပုပြတ်ပြတ်နဲ့ သူ့ကိုယ်သူ ကျနော်က ဒီဌာနမှာ အကြီးဆုံးသူပါလို့ ထုတ်ဖော်ကြွားဝါပြီး သူ့အလုပ်မဟုတ်တဲ့ တန်းစီတာ၊ ဖောင်ဖြည့်တာ၊ ဖောင်တွေစစ်ဆေးတာ စတဲ့ အောက်တန်းစာရေး ရုံးဝန်ထမ်းအလုပ်တွေကို ဆင်းလုပ်နေတာကို မရှက်တတ်တဲ့အပြင် ဂုဏ်ယူပြီး လုပ်နေပါသတဲ့။

သူက မဖြစ်နိုင်လို့သာ သံရုံးလာကြတဲ့ မြန်မာနိုင်ငံသားတွေကို စည်းကမ်းတွေရှင်းပြလိုက်၊ ဟိန်းလိုက်ဟောက်လိုက်၊ ဖောင်တွေမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြည့်ရေးတာမှားရင် အချက်အလက် လိမ်လည်မှုနဲ့ အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက်လိုက်၊ သူအပင်ပန်းခံ စေတနာထား လုပ်ပေးနေကြောင်း ဂုဏ်ဖော်လိုက် အကြိမ်ကြိမ် ထွက်ထွက်လုပ်ခဲ့ပါသတဲ့။ သူ့ကိုယ်သူလည်း အာဏာလု စစ်ဓားပြအစိုးရအောက် အမှုထမ်းပြီး Non CDM လုပ်နေရတာကိုလည်း ရှက်ရွံ့နောင်တရဟန် မရှိဘဲ သူ့ကိုပဲ ပြည်သူတွေက ကျေးဇူးတင် ဦးညွှတ်ရမလို ပြောဆိုကြိမ်းမောင်း မင်းမူနေပါသတဲ့။

တကယ်တော့ စစ်အစိုးရ အပါအဝင် မြန်မာနိုင်ငံက အရာရှိဆိုသူတွေဟာ သူတို့အလုပ်နဲ့ သူတို့တာဝန်က ဘာလဲဆိုတာ တိတိကျကျ နားမလည်ကြတော့ ကိုယ်နဲ့မဆိုင်တဲ့အလုပ်တွေ ဇွတ်အတင်း ဝင်လုပ်လေ့ ရှိကြပါတယ်။ စစ်တပ်တာဝန်က နိုင်ငံနဲ့ပြည်သူကို ကာကွယ်ရမယ့် တာဝန်ကို မကျေဘဲ နိုင်ငံအုပ်ချုပ်တဲ့တာဝန်ကို လုယူခဲ့ပြီး ဗိုလ်ကျနေသလိုပဲ သံရုံးဝန်ထမ်း အကြီးအကဲဆိုသူဟာ သူ့တာဝန်က Consular Services ပေးတဲ့စနစ်ကို ပိုကောင်းသထက် ကောင်းအောင် တိုးတက်အောင် စီမံခန့်ခွဲရမယ့်တာဝန်ကို မလုပ်ဘဲ အောက်ခြေသိမ်း အလုပ်တွေမှာ ဝင်ပါပြီး Micro Management အသေးစိတ် စွက်ဖက် ထိန်းချုပ်တာကို သူတို့ အလုပ်ကြိုးစားတယ်လို့ ထင်မှတ်မှားနေကြတာ ဖြစ်ပါတယ်။ ရူပ‌ဗေဒသဘောနဲ့ ပြောရရင်တော့ ကျောက်တုံးကြီးကို ရွေ့တဲ့အခါ အင်အားဘယ်လောက်ထုတ်ထုတ်၊ ချွေးဘယ်လောက်ထွက်ထွက် အရွေ့မရှိရင် အလုပ်ပြီးမြောက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ပြည်သူ့အာဏာ လုယူထားတဲ့ စစ်ဓားပြတွေဟာ ကဏ္ဍပေါင်းစုံ အရေးနိမ့်လာရင်း ဒေါ်လာငွေ ပြတ်လပ်နေတာကြောင့် ထွေးပြီးသားတံထွေးမှ မဟုတ်ဘူး၊ သူတို့အန်ထားတာကို ဆာရင် ပြန်စားတဲ့ တိရစ္ဆာန်မျိုးတွေလို အခွန်နှစ်ထပ် မကောက်တော့ဘူးလို့ ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာအမှတ် ၄၇၂/၂၀၁၂ ကို ချိုးဖောက်ပြီး  အခွန်နှစ်ထပ်ကွမ်းအခွန်ကို ဓားပြတိုက်ယူနေပါပြီ။

စစ်အခွင့်ထူးခံတသိုက် အုပ်ချုပ်လို့ ဆုတ်ယုတ်နိမ့်ပါးခဲ့ရတဲ့ နိုင်ငံမှာ အလုပ်အကိုင်မရှိလို့ မတတ်သာဘဲ နိုင်ငံရပ်ခြားမှာ အလုပ်ထွက်လုပ်နေရတဲ့ မြန်မာပြည်သားတွေရဲ့ ချွေးနည်းစာကို ထပ်မံလုယက်ပြီး ပြည်သူကို ပြန်သတ်ဖို့ ကျည်ဆန်ဖိုးအတွက် ယုတ်မာစုတ်ပဲ့စွာ အရယူနေတာကို လုံးဝလက်မခံဘဲ မြန်မာနိုင်ငံသားတိုင်း ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချကြဖို့ လိုအပ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013