Home
မြန်မာသတင်း
ကျောက်ဖြူဒေသခံ ၈ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
December 19, 2023

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက်က ပြည်သူ ၈ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ဖြူမြို့နယ် အောင်စေတီရွာက ပြည်သူ ၅ ယောက်ကို ဒီဇင်ဘာ ၁၈ ရက် မနက် ၅ နာရီလောက်က ကျောက်ဖြူလေယာဥ်ကွင်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့သလို ညနေ ၄ နာရီ ၂၀ မိနစ်မှာလည်း ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ငလပွိရပ်ကွက်မှာ ပြည်သူ ၃ ယောက်ကို ဖမ်းဆီးခဲ့ကြတယ်လို့ ကျောက်ဖြူမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ အောင်စေတီကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးမောင်သိန်းမြင့်၊ အသက် ၅၀ အရွယ် ဒေါ်မတင်ဝေ၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်မြသန်း၊ အသက် ၆၀ အရွယ် ဒေါ်မကျော့စိန်၊ အသက် ၆၁ နှစ်အရွယ် ဒေါ်ခင်အေးကြည်နဲ့ ငလပွိရပ်ကွက်၊ ရွာသစ်ကေစုက အသက် ၁၈ နှစ်အရွယ် ကိုဆန်းဝင်းလှိုင်၊ အသက် ၃၀ အရွယ် ဦးမောင်စိုးနိုင်၊ အသက် ၄၀ အရွယ် ဦးမောင်ဌေးကျော်တို့ဖြစ်ပြီး ကျောက်ဖြူမြို့မစျေးမှာ ဟင်းသီးဟင်းရွက်သွားရောင်းတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

“ကျနော်တို့သိရသလောက်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကစလို့ ကျောက်ဖြူမြို့နယ်ထွေအုပ်က စာထုတ်ထားတာရှိပါတယ်။ သတ်မှတ်ထားတဲ့လမ်းက မဟုတ်ဘဲ ကျောက်ဖြူမြို့ကို တခြားနေရာတွေက ဝင်လို့မရဘူးဆိုပြီး အားလုံးပိတ်ထားတယ်။ တကယ်လို့ ဝင်ရောက်ခဲ့ရင် ဒေသန္တရဥပဒေအရ အရေးယူမယ်လို့ စာထုတ်ထားတာရှိတယ်” လို့ ကျောက်ဖြူဒေသခံက ​ပြောပါတယ်။

ပြည်သူတွေမှာလည်း စားဝတ်နေရေး အခက်ခဲရှိလို့ စျေးသွားရောင်းတာကို စစ်ကောင်စီတပ်သားတွေက ခေါ်ယူသတိပေး ဟန့်တားတာတွေ ပြုလုပ်ခဲ့တဲ့ကြားထဲက အခက်ခဲတွေနဲ့ ကြုံတွေနေကြရလို့ စျေးရောင်းဖို့ ဆက်သွားကြတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေကိုတော့ စည်းကမ်းဖောက်ဖျက်မှုနဲ့ စံပြအဖြစ် ဒေသန္တရဥပဒေနဲ့ အရေးယူဖို့ စီစဥ်နေတယ်လို့ မြို့နယ်ထွေအုပ်အသိုင်းအဝန်းကနေ သိရတယ်လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာက ပြည်သူ ၈ ယောက်ကိုလည်း ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဒေသန္တရဥပဒေနဲ့ တရားစွဲဆိုထားပြီး တရားရုံးက ဘယ်လိုဆုံးဖြတ်ချက်ချတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၂၀၀ လောက်ကို အေအေနဲ့ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024