Home
မြန်မာသတင်း
ပိုဆိုးလာသည့်မြန်မာ့အရေး အာဆီယံ ဖြေရှင်းရန် ဖိလစ်ပိုင်သမ္မတတိုက်တွန်း
DVB
·
December 18, 2023
Marcos_18122023

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ရှုတ်ချပြီး ပိုမိုဆိုးရွားလာနေတဲ့ အကြမ်းဖက်မှုတွေကို အရေးယူဆောင်ရွက်ကြဖို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

သမ္မတဟာ အာဆီယံ-ဂျပန် ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် ဂျပန်နိုင်ငံမြို့တော် တိုကျိုမှာ ရောက်ရှိနေချိန် ခုလို ပြောလိုက်တာပါ။

“ပိုဆိုးလာတဲ့ အကြမ်းဖက်မှုတွေနဲ့ မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အသိအမှတ်မပြုဘဲ ကျနော်တို့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုလည်း ဆွေးနွေးလို့ မရပါဘူး။” 

ဒါ့အပြင် မားကို့စ်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂယန္တရား၊ အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေး ရေးစင်တာ၊ ဘုံသဘောတူညီချက် ၅ ရပ်တို့နဲ့အညီ မြန်မာနိုင်ငံမှာ တိုးပွားလာနေတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ မြန်မာအရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အာဆီယံ ခေါင်းဆောင်တွေက မြန်မာစစ်ကောင်စီကို သတိပေးတောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့တာပါ။ 

အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ အမြင်နဲ့ ရပ်တည်ချက်တွေကို ဖော်ပြမထားကြောင်း စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အပြင် အာဆီယံ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံတနိုင်ငံက ဝင်ရောက် မစွက်ဖက်ဖို့လည်း သတိပေးထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူအနည်းဆုံး ၃,၀၀၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

source- CNN

Photo- Marcos

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024