
ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားနေပြီး လာမယ့် နွေကာလမှာ မီးရဖို့အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်က မြို့နယ်တွေကို စစ်ကောင်စီက လျှပ်စစ်မီး အပိုင်းလိုက်ပေးနေတယ်လို့ ထုတ်ပြန်ထားပေမဲ့ သတ်မှတ်မီးလာရမယ့်အချိန်မှာကို မီးမပေးနိုင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
တောင်ဥက္ကလာပမြို့နယ်နေပြည်သူတဦးက "ကိုးနာရီလာရမယ့်မီးက မလာဘူး။ လာချင်တဲ့အချိန် ကောက်လာတယ်။ ချက်ရပြုတ်ရမယ့်သူတွေက ဘယ်လိုလုပ်ရမှန်း မသိအောင်ဖြစ်နေတာ" လို့ ပြောပါတယ်။
လျှပ်စစ်မီးပြတ်တောက်မူတွေကို စစ်အာဏာသိမ်းပြီးနောက်မှ ပြည်သူတွေ တကျော့ပြန် ဆိုးရွားစွာကြုံတွေ့နေရတာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်ရှိ မြို့နယ်အများစုဟာ တရက်ကို လျှပ်စစ်မီးရရှိချိန် ၈ နာရီလောက်သာရှိပြီး ဘယ်အချိန်လာလို့၊ ဘယ်အချိန်မီးက ပြန်ပျက်မယ်ကို မသိရတဲ့အခြေအနေနဲ့ ကြုံ တွေ့နေရတာလို့ မြို့ခံတွေက ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်နေပြည်သူတဦးက "လျှပ်စစ်မီးမမှန်ဘဲ ဘာလုပ်ငန်းမှလုပ်မရဘူး။ မီးစက်မောင်းဖို့ဆိုလည်း ကုန်ကျစရိတ်ကကြီးပြီ။ အကုန်ဘဝပျက်တာ" လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာရှိပေမဲ့ မီးမမှန်လို့ မီးစက်မောင်းလုပ်ငန်းလည်ပတ်ဖို့ စက်သုံးဆီ ဝယ်ယူရအခက်အခဲတွေကြောင့် လက်ရှိလုပ်ငန်း လုပ်ကိုင်နေသူတွေအကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။