
စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့ အမှုတွဲမှာ ပါဝင်တဲ့ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်သီဟကို အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့ အကျင့်ပျက် လာဘ်စားမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေဖြစ်တဲ့ စိုးထွဋ်ရဲ့ သားအပါအဝင် ရဲမှူးချုပ်ကျော်သီဟနဲ့ တခြားရဲအရာရှိတွေကို ထပ်မံစစ်ဆေးပြီး အခုလို ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ရဲမှူးချုပ် ကျော်သီဟကို နိုင်ငံကူးလက်မှတ်တွေ လုပ်တာမှာ အဂတိလိုက်စားမှုတွေ ပေါ်ပေါက်တာ၊ နိုင်ငံတော်ဆိုင်ရာဘွဲ့တံဆိပ်တွေ ရရှိဖို့ လုပ်ငန်းရှင်တွေဆီက လာဘ်ယူတာ၊ သတင်းရဲတပ်ဖွဲ့ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်တာ စတဲ့အချက်တွေနဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်တာလို့ သိရပါတယ်။
ပြည်ထဲရေးဝန်ထမ်း တစ်ဦးက “ကျော်သီဟက စိုးထွဋ်ကို ပိုင်တယ်တော့ ဌာနမှာ ဘယ်သူ့မှ ဂရုစိုက်တာ မဟုတ်ဘူး။ သူ မကြည်တဲ့သူတွေဆို ဒုက္ခမျိုးစုံရောက်ပြီသာ မှတ်ပဲ။ သူတို့ ဆရာ တပည့်တွေအတွက်ကတော့ ခု ကျတဲ့ ပြစ်ဒဏ်တွေက တန်လွန်းပါတယ်” လို့ ပြောပါတယ်။
ရဲမှူးချုပ် ကျော်သီဟကို ပြစ်ဒဏ်ချမှတ်လိုက်ပေမယ့် စိုးထွဋ်သား အပါအဝင် ကျန်တဲ့သူတွေနဲ့ပတ်သက်တာကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။
စိုးထွဋ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး တာဝန်ယူစဉ် Green Channel စနစ်နဲ့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ကုမ္ပဏီတွေက အကူအညီတောင်းခံတာမှာ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို မလျော်သြဇာသုံးပြီး နိုင်ငံကူးလက်မှတ်တွေ ခွင့်ပြုဖို့ ညွှန်ကြားခဲ့တာ၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့တာ၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်း သက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုမရှိတဲ့ ဆောင်ရွက်မှုတွေအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့တာ စတာတွေကို ကျုးလွန်ခဲ့တဲ့အတွက် စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရတာပါ။
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကိုလည်း အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း (အနှစ် ၂၀) အမိန့်ချခဲ့ပါတယ်။
Photo : MDN










