DVB Logo
Home
မြန်မာသတင်း
ညီနောင် ၃ ဖွဲ့ နှင့် စစ်ကောင်စီတို့ တွေ့ဆုံမှုကြောင့် ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်သွားမှာ မဟုတ်ဟု သုံးသပ်
DVB
·
December 12, 2023
ညီနောင် ၃ ဖွဲ့ နှင့် စစ်ကောင်စီတို့ တွေ့ဆုံမှုကြောင့် ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်သွားမှာ မဟုတ်ဟု သုံးသပ်
Donate to DVB

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုကြောင့် ၁၀၂၇ စစ်ဆင်ရေးဟာ ရပ်တန့်သွားမှာ မဟုတ်ဘဲ စစ်ကောင်စီပြုတ်ကျမှ တနိုင်ငံလုံး လွတ်လပ်မယ် ဆိုတာကို တိုင်းရင်းသားအဖွဲ့တိုင်းက သိထားပြီးသားဖြစ်တယ်လို့  စစ်ရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေကို ရပ်တန့်စေလိုတဲ့ တရုတ်နိုင်ငံရဲ့အကူညီနဲ့  မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) အဖွဲ့က တာဝန်ရှိသူတွေဟာ  စစ်ကောင်စီကိုယ်စားလှယ်နဲ့ ဒီဇင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုနဲ့ပတ်သတ်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဘက်က သတင်းထုတ်ပြန်မှုမရှိဘဲ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့  စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က တွေ့ဆုံမှုတွေ လုပ်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုပြီး ဒီလအကုန်မှာ ထပ်တွေ့ကြမယ့်အကြောင်း  ပြောဆိုခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်နင်းကတော့  မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှု အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းရခဲ့လို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ ဒီဇင်ဘာ ၁၁ ရက်နေ့က  ပြောပါတယ်။

စစ်ကောင်စီက တရုတ်အစိုးရရဲ့ အကူညီယူပြီး တိုက်ပွဲတွေရပ်တန့်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီတွေ့ဆုံမှုကနေ စစ်ကောင်စီဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး စားပွဲဝိုင်းဆွေးနွေးမှုတွေက နေတဆင့် အနာဂတ်ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ဖို့ဆိုတဲ့ အကြောင်းတွေကို ပြောဆိုဆွေးနွေးခဲ့တယ်လို့  ဒီဗွီဘီရဲ့ သတင်းအရင်းအမြစ်တချို့ဆီက သိရပါတယ်။

ဒါ့အပြင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်က လောက်ကိုင်မြို့ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဝန်ထမ်းတွေရွှေ့ဖို့ ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ပေးထားမယ်လို့ သတင်းထွက်နေပေမဲ့ အဲဒီပြောဆိုမှု မှန်ကန်မှု ရှိ၊ မရှိကို MNDAA ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ် မေးမြန်းထားပေမဲ့ အခုထိအကြောင်းမပြန်သေးပါဘူး။

အဆိုပါတွေ့ဆုံမှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရှိန်ရလာတဲ့ စစ်ဆင်ရေးတွေဟာ ရပ်တန့်သွားမှာလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပေမဲ့ ဒီကိစ္စကြောင့် အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ စစ်ဆင်ရေးတွေက ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ တရုတ်-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက သုံးသပ် ပြောပါတယ်။

လက်ရှိအချိန်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့တွေ့ဆုံမှုအပေါ် ပြည်သူတွေ အာရုံစိုက်ပြောဆိုမှုတွေ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ အဲဒီကိစ္စအပေါ်မှာ စဉ်းစားနေဖို့မလိုဘဲ အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေကို အခုထက်ပို ဆောင်ရွက်ဖို့ လိုတယ်လို့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ စစ်ကောင်စီရဲ့တပ်စခန်း ၂၀၀ ကျော်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဘက်က သိမ်းပိုက်ထားသလို လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းထားကာ တိုက်ပွဲတွေကလည်း ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ် ကုန်သွယ်ရေး အဓိကျတဲ့ ဂိတ်တချို့ကိုလည်း သိမ်းပိုက်ထားပြီး လောက်ကိုင်မြို့ရဲ့ အဓိကကျတဲ့တပ်စခန်းတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်က သိမ်းပိုက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013