DVB Logo
Home
မြန်မာသတင်း
ချင်းပြည်(Chinland) လွှတ်တော်၊ အစိုးရနှင့် တရားလွှတ်တော်ချုပ် ရက် ၆၀ အတွင်း ဖွဲ့စည်းမည်
DVB
·
December 11, 2023
ချင်းပြည်(Chinland) လွှတ်တော်၊ အစိုးရနှင့် တရားလွှတ်တော်ချုပ် ရက် ၆၀ အတွင်း ဖွဲ့စည်းမည်
Donate to DVB

ချင်းပြည်(Chinland)ကောင်စီညီလာခံက အတည်ပြုလိုက်တဲ့ ချင်းပြည်(Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ချင်းလူမျိုးတွေရဲ့ အမြင့်ဆုံးဥပဒေဖြစ်ပြီး အဲဒီဥပဒေအရ ချင်းပြည်နယ်ရဲ့ အစိုးရဖြစ်လာမယ့်သူတွေက စစ်ရေး၊ နိုင်ငံရေး ကဏ္ဍအားလုံးကို ကိုင်တွယ် ဖြေရှင်းသွားမှာဖြစ်တယ်လို့ ချင်းပြည်(Chinland)ကောင်စီ ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြီးစီးသွားခဲ့တဲ့ ပထမဆုံးအကြိမ် ချင်းပြည်(Chinland) ကောင်စီညီလာခံမှာ ချင်းပြည်(Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုခဲ့သလို ချင်းပြည်(Chinland) ကောင်စီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

အတည်ပြုလိုက်တဲ့ ချင်းပြည်(Chinland)ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ချင်းပြည်(Chinland)ရဲ့ တစ်ခုတည်းသော တပ်မတော်ဟာ ချင်းအမျိုးသားတပ်မတော်ဖြစ်ပြီး အဲဒီတပ်ဖွဲ့နဲ့ ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးဟာ ချင်းပြည်(Chinland) အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိရမှာ ဖြစ်ပါတယ်။

ချင်းပြည်(Chinland)ကောင်စီညီလာခံရဲ့ အတည်ပြုချက်အရ  ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဥက္ကဋ္ဌက ချင်းပြည်(Chinland)ကောင်စီ ဥက္ကဋ္ဌတာဝန်ကိုယူထားပြီး အဲဒီကောင်စီကို  အတည်ပြုခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ကနေစပြီး ရက်ပေါင်း ၆၀ အတွင်းမှာ ချင်းပြည်(Chinland) လွှတ်တော်၊ ချင်းပြည်(Chinland) အစိုးရနဲ့ ချင်းပြည်(Chinland) တရားလွှတ်တော်ချုပ်တွေကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်တဲ့အခါမှာ ပါဝင်နိုင်ဖို့အတွက် ချင်းပြည်(Chinland)ကို အင်အားကောင်းအောင် အရင်တည်ဆောက်သွားမှာဖြစ်ပြီး ချင်းပြည်ကောင်စီဟာ ချင်းပြည်(Chinland)ရဲ့ အမြင့်ဆုံးသောအဖွဲ့စည်းဖြစ်သလို ချင်းပြည်ကောင်စီဥက္ကဋ္ဌက ချင်းပြည်(Chinland)ရဲ့ အကြီးအကဲဖြစ်တယ်လို့ အဲဒီကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောပါတယ်။

ချင်းပြည်(Chinland)ကောင်စီကို ကိုယ်စားလှယ် ၁၄၀ နဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရပြီး လက်ရှိတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ချင်းလွှတ်တော်ကိုယ်စားလှယ် ၂၇ ယောက်၊ ချင်းအမျိုးသားတပ်ဦး CNF က ကိုယ်စားလှယ် ၂၇ ယောက်နဲ့ လက်ရှိချင်းပြည်နယ်အတွင်းမှာ အုပ်ချုပ်ရေး၊ စစ်ရေး ဖော်ဆောင်နေတဲ့ မြို့နယ်နဲ့ ဒေသအဖွဲ့တွေရဲ့ ကိုယ်စားလှယ် ၈၆ ယောက်နဲ့  ဖွဲ့စည်းရမှာပါ။

အဲဒီကောင်စီရဲ့ ဦးဆောင်အဖွဲ့ကိုတော့ ချင်းအမျိုးသားတပ်ဦး CNF က ကိုယ်စားလှယ် ၃ ယောက်၊ ချင်းလွှတ်တော်ကိုယ်စားလှယ် ၃ ယောက်၊ မြို့နယ်နဲ့ဒေသအဖွဲ့ကိုယ်စားလှယ် ၁၇ ယောက်၊ စုစုပေါင်း ၂၃ ယောက်နဲ့ ပထမဆုံးအကြိမ်ကျင်းပခဲံတဲ့ ချင်းပြည်(Chinland)ကောင်စီရဲ့ ညီလာခံကနေ ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီညီလာခံကိုတော့ မြို့နယ် ၃ မြို့နယ်က ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀ ယောက်က တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

ဒါ့အပြင် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်) အဖွဲ့တွေက အခုကျင်းပခဲ့တဲ့ ချင်းပြည်(Chinland) ကောင်စီညီလာခံဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့အပြင် တန်းတူညီမျှရေးမရှိတဲ့အတွက် ချင်းအမျိုးသားတစ်ရပ်လုံးရဲ့ စည်းလုံးညီညွတ်ရေးကို  ကိုယ်စားပြုဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ သူတို့ရဲ့သဘောထားကို ထုတ်ပြန်ထားပါတယ်။

ချင်းပြည်(Chinland)ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၁၀ မှာပြဋ္ဌာန်းထားတဲ့အချက်တွေထဲက တစ်ချက်ဖြစ်တဲ့ ချင်းပြည်(Chinland)ကောင်စီဟာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ လုပ်ငန်းတာဝန်တွေကို လွှဲပြောင်းရယူရမယ်လို့ ဖော်ပြထားပါတယ်။

ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်း ဘယ်ကောင်စီကမှာ ICNCC ကို ဖျက်သိမ်းခွင့်မရှိသလို ICNCC ရဲ့ လုပ်ငန်းတာဝန်တွေကိုလည်း လွှဲပြောင်းပေးမှာ မဟုတ်ဘူးလို့ ဒီဇင်ဘာလ ၇ ရက်နေ့ ရက်စွဲနဲ့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။   

ဖက်ဒရယ်အရေး လေ့လာသုံးသပ်သူ ဦးရှိန်းထွန်းကတော့ လက်ရှိအချိန်မှာ ချင်းပြည်(Chinland) ကောင်စီနဲ့ အခြေခံဥပဒေ ပေါ်ပေါက်လာတာဟာ ကောင်းတဲ့လက္ခဏာဖြစ်ပေမဲ့ ချင်းတတမျိုးသားလုံးအတွက် အကွဲအပြဲဆန်တဲ့ ပုံစံမျိုးနဲ့ ပေါ်ပေါက်လာတာဟာ အနာဂတ် ချင်းပြည်တည်ဆောက်ရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောပါတယ်။

ချင်းပြည်(Chinland)ကောင်စီရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းပြည်(Chinland)တည်ဆောက်ဖို့ နိုင်ငံရေးနဲ့ အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့နဲ့ ဒီမိုကရေစီစနစ်တည် ဆောက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းပြည်(Chinland) ကောင်စီမှာ ပါဝင်လာခြင်းမရှိသေးတဲ့ မြို့နယ်ကိုယ်စားပြုသူတွေကို ပါဝင်လာအောင် ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပြီးလက်ရှိ ချင်းပြည်(Chinland)ကောင်စီဟာ ချင်းတမျိုးသားလုံးရဲ့ ထောက်ခံမှုရရှိထားတဲ့အဖွဲ့စည်းဖြစ်တယ်လို့   ချင်းပြည်(Chinland) ကောင်စီရဲ့  တွဲဖက်အတွင်းရေးမှူး(၁) ဆလိုင်းထက်နီက ပြောပါတယ်။

လက်ရှိစစ်အာဏာရှင် တော်လှန်ရေးကာလမှာ ကျင့်သုံးဆောင်ရွက်မယ့် ချင်းပြည်(Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် ချင်းပြည်(Chinland) အစိုးရအဖွဲ့ဟာ ချင်းပြည်နယ်ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ကဏ္ဍအားလုံးကို ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ချင်းပြည်(Chinland)ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၁၀ ခန်း ပါရှိပြီး ချင်းပြည်(Chinland)အစိုးရအဖွဲ့ ရုံးစိုက်မယ့်မြို့ကို ချင်လုံမြို့လို့ ဖော်ပြထားပေမဲ့ အဲဒီမြို့ဟာ ချင်းပြည်နယ်ရဲ့ ဘယ်နေရာမှာရှိသလဲဆိုတာကို လုံခြုံရေးအရ ကောင်စီအတွင်းရေးမှူးအဖွဲ့က ဒီဗွီဘီကို ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ချင်းပြည်(Chinland)အစိုးရအဖွဲ့ရဲ့ ရုံးသုံးဘာသာစကားကိုတော့ ချင်းဘာသာစကား၊ မြန်မာဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား သုံးမျိုးကို အသုံးပြုသွားမှာဖြစ်ပါတယ်။

Photo - Chinland Information Center

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013