DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းလုပ်သားများ၏ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေလွှဲရန် စစ်ကောင်စီ ဝန်ကြီး စည်းရုံးနေ 
DVB
·
December 9, 2023
ရွှေ့ပြောင်းလုပ်သားများ၏ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေလွှဲရန် စစ်ကောင်စီ ဝန်ကြီး စည်းရုံးနေ 
Donate to DVB

နှစ်နိုင်ငံ အလုပ်သမားအရေး ကိစ္စတွေ ပူးပေါင်း ဆောင်ရွက်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ စစ်ကောင်စီခန့် မြန်မာ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်နဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၇ ရက်က ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာလုပ်သားတွေရဲ့ နေထိုင် အလုပ်လုပ်ခွင့် သက်တမ်းတိုး ကိစ္စတွေနဲ့ လုပ်သားတွေရဲ့ လုပ်ခ လစာ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်တွေဆီ မဖြစ်မနေ ငွေလွှဲဖို့ အလုပ်သမားဝန်ကြီးက တိုက်တွန်းသွားတာပါ။

မြန်မာ အလုပ်သမားတွေဆီက အခွန်ငွေ ကောက်ခံဖို့သာ ကြိုးပမ်းနေပြီး အလုပ်သမားတွေရဲ့ အခက်အခဲ ပြဿနာတွေကို လျစ်လျူထားတဲ့ စစ်ကောင်စီအဖွဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

 WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုမုန်တိုင်းက "ကျနော်တို့ အနေနဲ့ကတော့ မတော်မတရား လာတယ်၊ ကုတ်သွေးစုပ်တယ်ပဲ မြင်တယ်။ ဘာလို့လဲဆိုတော့ လက်ရှိလည်း ပြည်သူတွေမှာလည်း ပတ်စ်ပို့ဖိုး ကိစ္စတွေနဲ့ ထိုင်းနိုင်ငံထဲ ခိုးလမ်းက လာတဲ့အခါ Name list ဖိုးတွေ တယောက်နဲ့ တယောက် ကုန်ကျစရိတ်တွေ မတူကြဘူး။ အခန်းခဖိုးတွေ နေထိုင်စရိတ်တွေ ရှိတယ်။ အစစအရာရာ ကုန်ကျစရိတ် ရှိတယ်။ သောက်ရေကအစ ဝယ်သောက်နေတဲ့အချိန် စစ်ကောင်စီဘက်က ပြည်သူတွေကို မကြည့်ဘဲ ထိုင်းထဲမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေ ဘယ်လို ဒုက္ခရောက်နေလဲ၊ ဘယ်လို ကူညီပေးရမယ် မတွေးဘူး။ ပြည်သူကို ဘယ်လို သတ်လို့ရမလဲ ဘယ်ကအခွန်ငွေ ကောက်လို့ရမယ်ဆိုတာပဲ လာပြီး တိုင်ပင်သွားတာပဲ ရှိတယ်။ ကျနော်တို့ အနေနဲ့က လုံးဝ ရှုတ်ချတယ် သူတို့ကို" လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ အလုပ်သမားဝန်ကြီးနဲ့  ထိုင်းနိုင်ငံဆိုင်ရာ စစ်ကောင်စီ သံအမတ်တို့ဟာ ဒီဇင်ဘာ ၇ ရက် က ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီမြို့မှာရှိတဲ့ ပင်လယ်စာစက်ရုံ လုပ်ငန်းခွင်ကို သွားရောက်ခဲ့ပြီး အဲဒီ စက်ရုံက မြန်မာလုပ်သားတွေနဲ့ တွေ့ဆုံကာ စည်းရုံးရေး ဆင်းခဲ့ကြတာပါ။

အခု ခရီးစဉ်ဟာ ဟန်ပြသက်သက်တခုသာ ဖြစ်ပြီး အလုပ်သမားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လွှဲပေးဖို့ အနုနည်းနဲ့ သိမ်းသွင်းလိုတာကြောင့်ဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီက ‌ပြောပါတယ်။ 

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်တီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက "၂၅ ရာခိုင်နှုန်းဆိုတာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေက မိမိ မိသားစုဆီကို မလွှဲ မနေရ လွှဲပြောင်းရမယ်ဆိုတာကို ပထမပိုင်းတုန်းက သူတို့ရဲ့ သတင်းစာ ရေဒီယိုတွေမှာ ရုပ်မြင်သံကြားတွေကနေ အတင်းအကျပ် နည်းလမ်းနဲ့ ခြောက်သလိုလို လုပ်တယ်။ ဒါကတော့ အကြမ်းနည်းပေါ့။ အခုကျတော့ မြန်မာအလုပ်သမား ဝန်ကြီး ဦးမြင့်နောင်ရဲ့ ထိုင်းခရီးစဉ်က အလွန်အမင်း အောင်မြင်ပြီးတော့ မြန်မာလုပ်သား မိသားစုတွေကို ရင်းရင်းနှီးနှီး ထိတွေ့ခဲ့တယ်။ သူတို့ နားမလည်တဲ့ CI ပြုလုပ်ပုံ၊ ငွေလွှဲနည်းတွေကို သရုပ်ပြ ရှင်းလင်းခဲ့တယ်ဆိုတဲ့ အချော့နည်း အပျော့နည်းနဲ့ ပြန်သွားတာ။ အကုန်လုံးက မိသားစုဆီ လွှဲပို့ငွေ ဟွန်ဒီငွေကို ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လွှဲရမယ်ဆိုပြီး အပျော့နည်း ဗျူဟာနည်းနဲ့ ပြန်ဝင်လာတာ ဖြစ်ပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အထွေထွေ ကုန်ကျစရိတ်နဲ့ အထောက်အထား ပြုလုပ်ခတွေ မြင့်မားတာကြောင့် စစ်ကောင်စီရဲ့ အစီအစဉ်က လုပ်သားတွေကို အကျပ်အတည်း ဖြစ်စေတယ်လို့ ရွှေ့ပြောင်းအလုပ်သမား တယောက်က ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမား ကိုစိုးမိုးက "ကိုယ်က ဒီမှာ ဒုက္ခ အခက်အခဲ အဆင်မပြေမှုတွေကြားက လုပ်ထားတဲ့ ပိုက်ဆံနဲ့ သူတို့ သတ်မှတ်တဲ့ ဈေးနှုန်းနဲ့ လွှဲရမယ်ဆိုရင် ကိုယ့်အိမ်က လူတွေလည်း ဝင်ငွေနည်းသွားမယ်။ မြန်မာပြည်မှာလည်း  ကုန်ဈေးနှုန်းတွေ တက်နေတာ။ ကိုယ်က ပိုက်ဆံပို့လိုက်ပေမယ့် စစ်ကောင်စီရဲ့ ရည်ညွှန်းဈေးအတိုင်း ပို့လိုက်ရင် အလုပ်သမားတွေအနေနဲ့ အများကြီး နစ်နာတယ်။ အဲ့တော့ အဲ့လို အခက်အခဲတွေတော့ ရှိတယ်။သူတို့က သူတို့ ကိုယ်ကျိုး သူတို့ ကြည့်ပြီးတော့ ဒီအလုပ်သမားတွေ ဘာပဲဖြစ်နေနေ အဆင်မပြေတာ သူတို့ မသိဘူး။ အဓိက သူတို့ နိုင်ငံခြားဝင်ငွေရဖို့ လုပ်ဆောင်နေတယ်လို့ပဲ မြင်တယ်"လို့ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဟာ ပန်းရောင်ကတ် လျှောက်ထားတဲ့ အလုပ်သမားတွေကို ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ၂၀၂၄ ဇန်နဝါရီ ၁၅ မတိုင်ခင် အလုပ်သမားကတ် လျှောက်ထားတာနဲ့ ကျန်းမာရေး စစ်ဆေးတဲ့ ကိစ္စတွေ လုပ်ထားဖို့ ပြောဆိုခဲ့ပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်သမားကတ်နဲ့ ကျန်းမာရေး အာမခံ လုပ်ပြီးရင် ၂၀၂၄ အောက်တိုဘာ ၃၁ မတိုင်ခင် သက်ဆိုင်ရာက ကိုယ်ရေးရာဇဝင် ကောက်ခံတာ၊ လဝကရုံးမှာ ဗီဇာ ထုတ်ပေးတာနဲ့ CI စာအုပ်၊ ဒါမှမဟုတ် ပတ်စ်ပို့ လျှောက်ထားတာတွေ ဆက်လုပ်ဆောင်ရမှာပါ။

ထိုင်းနိုင်ငံမှာ မြန်မာ နိုင်ငံသားပေါင်း ၆ ဒသမ ၈ သန်းလောက် ဝင်ရောက် နေထိုင်နေပေမယ့် တရားဝင် မှတ်ပုံတင်ထားသူ ၁ ဒသမ ၈ သန်းပဲ ရှိတယ်လို့ Media Intelligence Group (MIG) က အောက်တိုဘာလအတွင်းက စစ်တမ်း ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013