
ယူကရိန်းနိုင်ငံ၊ ပရီလူကီမြို့ကို ရုရှားတို့က ဒုံးကျည်နဲ့ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ကလေး ၄ ယောက် အပါအဝင် လူ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းနိုင်ငံ အစိုးရအရေးပေါ်ဝန်ဆောင်မှုဌာနက အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် ကလေး ၇ ယောက် အပါအဝင် လူ ၅၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
မြို့လယ်ခေါင်ကို ထိမှန်ခဲ့တဲ့ တိုက်ခိုက်မှုအပြီး ကယ်ဆယ်ရေးသမားတွေက အပြင်းအထန် ပျက်စီးသွားတဲ့ လူနေအဆောက် အအုံတခုရဲ့ အပျက်အစီးတွေကြားမှာ ဆက်ပြီး ရှာနေခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
အပျက်အစီးတွေကြားကနေ ကလေးငယ်တယောက်ရဲ့ ရုပ်အလောင်းကို သယ်ထုတ်လာတဲ့ ရုပ်သံ မှတ်တမ်းတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေက အထပ်မြင့်အဆောက်အအုံရဲ့ အပျက်အစီးတွေ ကြားက နေ လူတွေကို ပြန်ရှာထုတ်ဖို့နဲ့ အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းဖို့ ဝန်ချီစက်တွေကိုလည်း သုံးခဲ့ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာနေပြီး ပျက်စီးသွားတဲ့ ကွန်ကရစ် အဆောက်အအုံ အစိတ်အပိုင်းတွေကို ရှင်းနေချိန်မှာ ဒေသခံတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အဲဒီ နေရာမှာ စုဝေးရောက်ရှိနေ ခဲ့ကြပါတယ်။
ရုရှားက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ယူကရိန်းတဝန်းကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး စစ်ပွဲအတွင်း အယုတ်မာဆုံး တိုက်ခိုက်မှုတွေထဲက တခုအဖြစ် ယူကရိန်းသမ္မတ ဇလန်းစကီးက ဖော်ပြခဲ့ပါတယ်။
ချာနီဟစ်ဗ်ဒေသက ပရီလူကီမြို့ဟာ တိုက်ခိုက်မှုတွေအတွင်း လူအသေအပျောက် အများဆုံး ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters











