
အစ္စရေး တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရအပြီး ၃ နှစ်နီးပါးအကြာ ဩဂုတ် ၄ ရက်မှာ ဂါဇာမြို့တော်ရှိ ပါလက်စတိုင်းလူမျိုးတွေဟာ မိသားစုကြီးတခုတည်းက သေဆုံးခဲ့ရသူ ၁၁၂ ယောက်ရဲ့ ရုပ်အလောင်း အကြွင်းအကျန်တွေကို သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။
ဂါဇာမြို့ ဆာဘရာရပ်ကွက်ရှိ နေအိမ်ဟောင်း ကွင်းပြင်မှာ ပုပ်ပွနေတဲ့ ရုပ်အလောင်းတွေကို ပါလက်စတိုင်းအလံတွေ လွှမ်းခြုံကာ စီတန်းထားရှိခဲ့ပြီး တချို့အလောင်းတွေပေါ်မှာ သေဆုံးသူ တွေရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထားကြပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အဘူ ရှာရီယာနဲ့ အယ်လ်-ဟာဆိုင်းနား မိသားစုဝင် ၁၁၂ ယောက်ရဲ့ ရုပ်အလောင်းတွေဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ဟာ နည်းပါးလှတဲ့ စက်ကိရိယာအကူအညီနဲ့ ၁၇ ရက်ကြာ ခက်ခက်ခဲခဲ တူးဖော်ခဲ့ရတာလို့ ဂါဇာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာမုဒ် ဘာဆာလ်က ပြောပါတယ်။
ဒါဟာ ပါလက်စတိုင်းသမိုင်းမှာ မကြုံစဘူး ထိခိုက်ကြေကွဲဖွယ် စိန်ခေါ်မှုကြီးတခုလည်း ဖြစ် ပါတယ်။
သေဆုံးသူတွေ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ရုပ်အလောင်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင် တွေ၊ သူတို့ရဲ့ အမည်ပါ ရွှေဆွဲကြိုးတွေ၊ ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့ချိန်က ခန္ဓာကိုယ်တွင်း ထည့်ထားတဲ့ အရိုးတုတွေ၊ ပလက်တီနမ် စတီးချောင်းတွေနဲ့ ဆွေမျိုးတွေက မှတ်မိကြတဲ့ အဝတ်အစားတွေကနေတဆင့် အတည်ပြုနိုင်ခဲ့တယ်လို့ ဘာဆာလ်က ပြောပါတယ်။
ဂါဇာတဝန်း အပျက်အစီးများအောက်မှာ ရုပ်အလောင်း ၈,၀၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ လည်း ဆိုပါတယ်။
သေဆုံးသူတွေရဲ့ ဆွေမျိုးဖြစ်သူ တေဆီယာ အယ်လ်-ဟာဆိုင်းနားက ၃ နှစ်အကြာမှာ ရုပ်အလောင်းတွေကို ပြန်တူးဖော်ရရှိမှုဟာ မိသားစုဝင်တွေအတွက် ဒဏ်ရာဟောင်းကို ပြန်ဆွ ပေးသလို ဝမ်းနည်းပူဆွေးရပေမဲ့ သေဆုံးသူတွေဟာ အာဇာနည်တွေ ဖြစ်သွားပြီလို့ စိတ်ဖြေရကြောင်းပြောပါတယ်။
ဂါဇာပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ ဘဝကို မြတ်နိုးကြသူတွေဖြစ်လို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ စစ်ပွဲကို ရပ်တန့်ပေးဖို့၊ မဖြစ်နိုင်တာတွေကို တောင်းဆိုနေတာ မဟုတ်ဘဲ အသက်ဆက်ရှင်သန်နိုင်ရုံ ပုံမှန်အတိုင်း နေထိုင်ခွင့်ကိုပဲ တောင်းဆိုပါတယ်လို့လည်း ပြောပါတယ်။
Source: Reuters










