DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့နယ်တွင် ပြည်သူသောင်းချီ ထွက်ပြေးနေရ
DVB
·
December 7, 2023
လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့နယ်တွင် ပြည်သူသောင်းချီ ထွက်ပြေးနေရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦ များစွာပျက်စီးရပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူ-ဗဟိုက ပြောပါတယ်။

မုန်းမြို့ပေါ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီ လေတပ်ကနေ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူလူထု နေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ရေလဲကျေးရွာက ဘုရားကျောင်းတကျောင်းနဲ့ နေအိမ် ၄ လုံးလောက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် မုန်းမြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးအနား ကျေးရွာပေါင်း ၉၅ ရွာက သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကေအန်ယူက ကောက်ခံရရှိတဲ့ စာရင်းတွေအရ ပြည်သူ ၆၈,၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

လတ်တလောမှာတော့ နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့အတွက် ပြည်သူပိုင်ပစ္စည်း ထိခိုက်ပျက်စီးမှု၊ ပြည်သူလူထု ထိခိုက်သေဆုံးရမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေရဲ့ အချက်အလက်တွေကို အတိအကျ ကောက်ယူရရှိနိုင်ခြင်း မရှိသေးပါဘူး။

စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ၊ စောင်နဲ့ ဆေးဝါး စတာတွေ အရေးပေါ် လိုအပ်နေတာကြောင့် ကူညီလိုသူတွေအနေနဲ့ မူးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ၊ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (C.I.D.K.P) နဲ့ ကေအန်ယူ−သတင်းနှင့်ပြန်ကြားရေး (ဗဟို) တို့ဆီ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ပြောပါတယ်။

မုန်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ကေအန်ယူက ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကိုတော့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂ ရက်  ညက စတင်တိုက်ခိုက်ခဲ့ပြီး ၄ ရက် ညနေမှာ စစ်ကောင်စီတပ်ရဲ့ ခမရ−၅၉၉၊ ခမရ−၅၉၀၊ မုန်းမြို့မ ရဲစခန်းနဲ့ တံတားထိပ်ဂိတ် စခန်းတွေအားလုံးကို သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မုန်းမြို့နယ်ဟာ တိုက်နယ်အဆင့်ရှိတဲ့ မြို့ငယ်တခုလောက်ပဲဖြစ်ကာ ဒီမြို့နယ်ထဲက တပ်မတော်လုံခြုံရေး စခန်းတွေကို ပြန်သိမ်းနိုင်ပြီလို့  ပြောပါတယ်။

မုန်းမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး အပါအဝင် ၁၉ ယောက် လက်နက်ချခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။

KNLA လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပဲခူးတိုင်း၊ မုန်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ချိန်အတွင်း အမှတ် ၅၉၀ ခြေမြန်တပ်ရင်းမှာ တပ်စွဲထားတဲ့ အမှတ် ၈၄ ခြေလျင်တပ်ရင်းက ဗိုလ်မှူး ကျော်လတ်ခိုင်နဲ့ ဗိုလ်ကြီးနှစ်ယောက် အပါအဝင် တပ်သား ၁၉ ယောက် လက်နက်ချခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့သလို မုန်းတိုက်ပွဲအတွင်း တပ်ဝင်းထဲမှာရှိနေတဲ့ တပ်မိသားစုဝင် ၄၂ ယောက်ကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်သုံ့ပန်းဥပဒေနဲ့အညီ စောင့်ရှောက်ပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo-KNU

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013