DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါ ၇ ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထား
DVB
·
December 7, 2023
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါ ၇ ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထား
Donate to DVB

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၇ ယောက်ကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြန်ပေးဖို့ ဗြိတိန်နိုင်ငံ အခြေစိုက် ဗမာရိုဟင်ဂျာအဖွဲ့ (BROUK) က အာဂျင်တီးနားနိုင်ငံက တရားရုံးတခုဆီ လျှောက်ထားလိုက်ပါတယ်။

နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြန်ပေးဖို့ တောင်းဆိုထားတဲ့သူတွေထဲမှာတော့ လူမျိုးတုံး သတ်ဖြတ်မှုမှာ အမိန့်ပေးစေခိုင်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့က ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ အမှတ် (၃၃) ခြေမြန်တပ်ရင်း တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ရဲအရာရှိ ကျော်ချေနဲ့ ကျေးရွာ ဥက္ကဋ္ဌ အောင်ဆန်းမြတို့ ပါဝင်နေပြီး သူတို့ကို လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုအပါအဝင် လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေအပါအဝင် အာဂျင်တီးနား ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မအောက် ပြစ်မှုများစွာနဲ့ စွဲဆိုခံထားရတာပါ။

BROUK အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က “ဒါဟာ ရိုဟင်ဂျာတွေအပေါ် ဆယ်စုနှစ်များစွာ ကြာရှည်အောင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုအတွက် တာဝန်ခံစေရေး ရှေးရှု ဆောင်ရွက်ရာမှာ သမိုင်းဝင်တဲ့၊ အရင်က မလှမ်းထားဖူးသေးတဲ့ ခြေလှမ်းတခုပဲ ဖြစ်ပါတယ်။ ဒါဟာ တရားမျှတမှုအတွက် ကျနော်တို့တွေ ဝင်ခဲ့တဲ့ တိုက်ပွဲရဲ့ အသီးအပွင့် ရလဒ်တွေ စတင်ခံစားလာရပြီဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။ အာဂျင်တီးနား တရားစီရင်ရေးပိုင်းက ဒီရာဇ၀တ်မှုတွေကို တစိုက်မတ်မတ် စုံစမ်းစစ်ဆေးနေခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ တရားရုံးအနေနဲ့ ဒီပုဂ္ဂိုလ် ၇ ယောက်မှာ တာဝန်ရှိကြောင်း ထင်ရှားနေတဲ့ သက်သေ အထောက်အထားတွေနဲ့အညီ တုံ့ပြန်ဆောင်ရွက်ပေးပြီး နိုင်ငံတကာ ဖမ်းဝရမ်းအမိန့်ကို ချက်ချင်းထုတ်ပြန်ပေးဖို့ ကျနော်တို့ တောင်းဆိုတာပါ။ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေအနေနဲ့ ဥပဒေနဲ့ လွတ်ကင်းရာ ဘယ်လိုနေရာမျိုးမှာမှ ပုန်းကွယ်မနေနိုင်အောင် လုပ်ဆောင်သင့်တာပါ” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို  အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်နိုင်တဲ့ အလားလာ ဘယ်လောက်ရှိသလဲဆိုတာနဲ့  ဖမ်းဝရမ်းထုတ်ခဲ့ရင်လည်း လက်တွေ့ အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာတော့ မသိရသေးပါဘူး။ 

အာဂျင်တီးနား တရားရုံးက စုံစမ်းစစ်ဆေးတာကိုတော့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ရိုဟင်ဂျာရွာအတွင်း ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၇ ရက်က အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့မှုအပေါ် အလေးပေးစုံစမ်းစစ်ဆေးမှုနဲ့ ကနဦးစတင်ကာ ရှေ့ဆက်ပြီး တရားစွဲဆိုရေးပိုင်းက ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စီမံချက်အောက် ရခိုင်ပြည်နယ်က တခြားသော ကျေးရွာတွေနဲ့ နယ်မြေဒေသတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှု အကြောင်းအရာတွေကိုလည်း  ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

အခုလတ်တလော ဖမ်းဝရမ်းတောင်းခံမှုမှာ တာဝန်ရှိသူ ၇ ယောက်ကိုပဲ ထည့်သွင်း ဖော်ပြထားပေမဲ့ အမှုစုံစမ်းစစ်ဆေးမှု တိုးတက်မှုတွေအရ နောက်ထပ် ပြစ်မှုကျူးလွန်သူတွေကိုလည်း ဖမ်းဝရမ်းထပ်ဆင့် ထုတ်ပြန်သွားနိုင်တယ်လို့ BROUK အဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က အမှုဖွင့်ခဲ့တဲ့အပြင် မြန်မာစစ်တပ်ကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးအတွက် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောထားပါတယ်။

Photo-EU ROHINGYA COUNCIL

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013