DVB Logo
Home
မြန်မာသတင်း
နေပြည်တော်၌ ကျင်းပမည့် မဟာမဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးမတက်ရန် တိုက်တွန်း
DVB
·
December 6, 2023
နေပြည်တော်၌ ကျင်းပမည့် မဟာမဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးမတက်ရန် တိုက်တွန်း
Donate to DVB

မြန်မာစစ်အာဏာရှင်က နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မဟာမဲခေါင်ဒေသ ထိပ်သီးအစည်းအဝေး (GMS) ကို မတက်ရောက်ဘဲ ဖျက်သိမ်းဖို့ အဖွဲ့ဝင်နိုင်ငံတွေကို လူ့အခွင့်အရေး လှုပ်ရှားတဲ့ Justice For Myanmar က တိုက်တွန်းလိုက်ပါတယ်။

၂၆ ကြိမ်မြောက်အဖြစ် ကျင်းပမယ့် မဟာမဲခေါင်ဒေသ ထိပ်သီးအစည်းအဝေး (GMS) အစီအစဉ်ကိုတော့ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

GMS အစည်းအဝေးရဲ့ အတွင်းရေးမှူးချုပ်ရုံးအဖြစ် ဆောင်ရွက်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကတော့ ဒီအစည်းအဝေးကို တက်ရောက်မှာ မဟုတ်သလို ဘယ်လို ပံ့ပိုးမှုမှလည်း ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

GMS အဖွဲ့ဝင် ၆ နိုင်ငံထဲမှာတော့ ပထဝီအနေအထားအရ ထိစပ်မှုရှိတဲ့ မဲခေါင်မြစ်တလျှောက်က ကမ္ဘောဒီးယား၊ တရုတ်(ယူနန်ပြည်နယ်)၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေ ပါဝင်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းရေးအတွက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Greater Mekong Subregion-Economic Cooperation) ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ ပံ့ပိုးမှုနဲ့ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က တည်းက စတင်ဆောင်ရွက်ခဲ့ကြတာပါ။

လတ်တလောမှာတော့ မြန်မာစစ်အာဏာရှင်ဟာ နယ်မြေစိုးမိုးမှုတွေ လျင်မြန်စွာ ဆုံးရှုံးနေပြီး အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ခွဲခြားဆက်ဆံမှုမရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်မှုတွေ၊ မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်နေချိန်မှာပဲ ဒီအစည်းအဝေးကို လက်ခံကျင်းပဖို့ စီစဉ်နေတာကြောင့် ဒါကို ဖျက်သိမ်းဖို့ Justice For Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။

အခုကျင်းပမယ့် GMS အစည်းအဝေးကိုတော့ အမေရိကန်နဲ့ အီးယူတို့က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်က ဦးဆောင်ကျင်းပမှာ ဖြစ်ပြီး သူ့ကိုတော့  နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ စစ်တပ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံရာမှာ တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် စစ်အာဏာရှင်အစိုးရရဲ့ ဘဏ္ဍာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ အထောက်အကူဖြစ်စေတယ်လို့ EU က မှတ်ချက် ပြုထားပါတယ်။

Justice For Myanmar အဖွဲ့က ရရှိထားတဲ့ သတင်းရင်းမြစ်တွေအရ ဒေါက်တာ ကံဇော်ဟာ တရုတ်နိုင်ငံဘဏ္ဍာရေးဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး၊ လာအိုနိုင်ငံ စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး၊ ထိုင်းနိုင်ငံ ဒုတိယဘဏ္ဍာရေးဝန်ကြီးတို့ကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာခံထားရတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ကိုယ်စားလှယ်တယောက်လည်း တက်ရောက်မယ်လို့ သိရပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “GMS အစီအစဉ်နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေက တရားမဝင် စစ်အစိုးရကို ဖိတ်ခေါ်ရုံတင်မကဘဲ ဝန်ကြီး အဆင့်အစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ခန့်အပ်တာတောင် နားမလည်နိုင်စရာပါပဲ။ စစ်အစိုးရဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် လုံးဝကို အပြစ်ပေးခံရမယ့် အကြမ်းဖက်အဖွဲ့အစည်းပါ။ GMS အဖွဲ့ဝင်တွေ အနေနဲ့ စီစဉ်ထားတဲ့ အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းသင့်ပြီးတော့ တရားဝင် အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြု ထောက်ခံသင့်တယ်။ ဒီအစည်းအဝေးကို ငြင်းပယ်ထားတဲ့ ADB ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ADB အနေနဲ့ GMS အဖွဲ့ဝင်တွေက တရားမဝင်စစ်အစိုးရကို ဆက်လက် ထောက်ခံအားပေးနေတာတွေအတွက် GMS အစီအစဉ်မှာ အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုး ကူညီမှုတွေကို ပြန်စဉ်းစားသင့်ပါတယ်” လို့ ပြောပါတယ်။

မကြာခင် ကျင်းပမယ့် အစည်းအဝေးကိုတော့  ရေတပ်ဦးစီးချုပ်ရဲ့ အစ်ကို တော်စပ်တဲ့ ခရိုနီ ဦးနေအောင် ပိုင်ဆိုင်တဲ့ IGE အုပ်စုပိုင် Grand Amara Hotel မှာ ပြုလုပ်သွားဖို့ ရှိနေပြီးတော့ စစ်အုပ်စုကတက်ရောက်လာမယ့် ကိုယ်စားလှယ်တွေရဲ့ တည်းခိုနေထိုင်ရေးနဲ့ ရန်ကုန်နဲ့ နေပြည်တော်ကြား ခရီးစဉ်တွေကိုပါ စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013