DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတက္ကသိုလ်များအားလုံး ပြန်မဖွင့်နိုင်သေး 
DVB
·
December 5, 2023
စစ်ကောင်စီတက္ကသိုလ်များအားလုံး ပြန်မဖွင့်နိုင်သေး 
Donate to DVB

စစ်ကောင်စီက တက္ကသိုလ်ဝင်ခွင့်တွေ ခေါ်ယူနေပေမဲ့ ကျောင်းတွေအားလုံး ပြန်မဖွင့်နိုင်သလို စစ်ကျွန်ပညာရေးသပိတ်မှောက်ထားတဲ့ ကျောင်းသားတွေကတော့  အပြင်ပုဂ္ဂလိကကျောင်းနဲ့ NUG လက်အောက်က ကျောင်းတွေမှာ ရွေးချယ်ပြီး သင်ကြားနေကြတယ်လို့ ဆရာတွေနဲ့ ကျောင်းသားတွေဆီက သိရပါတယ်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူတွေထဲက နေ့ကျောင်းပေါင်း ၄၆ ကျောင်းက ဝင်ခွင့်တွေ ခေါ်ယူခဲ့တာမှာ ကျောင်းသားပေါင်း ၂၆၀၀၀ ကျော် ဝင်ခွင့်ရခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။ 

လူဦးရေ ၁၃၀၀ ကျော်နဲ့ အများဆုံး day ကျောင်းသားဝင်ခွင့်ခေါ်ယူခဲ့တဲ့ စစ်တွေတက္ကသိုလ်မှာလည်း စစ်တပ်က တပ်စွဲထားတာနဲ့ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် ကျောင်းသားတွေက ကျောင်းလာမအပ်ကြဘူးလို့ စစ်တွေ တက္ကသိုလ် ကျောင်းသားတစ်ယောက်က ပြောပါတယ်။

“day တွေ admission လက်ခံနေပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေက စာရင်းလာအပ်မကြဘူးပေါ့။ လမ်းပန်းဆက်သွယ်ရေးက အကုန်လုံးပြတ်တောက်နေတာဆိုတော့ ကျောင်းသားတွေက ဒီတက္ကသိုလ်ကို လာလို့မရဘူးပေါ့နော်။ ဝေးတယ်ဆိုတော့ နောက်ပြီးတော့ တက္ကသိုလ်ထဲမှာလည်း စစ်တပ်က နေရာယူထားတယ်ဆိုတော့ ကျောင်းသားတွေက ကြောက်ပြီးတော့ တက္ကသိုလ်ကိုမသွားကြဘူးပေါ့။”

တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လွိုင်ကော်တက္ကသိုလ်၊ ဟားခါးတက္ကသိုလ်ကလည်း ပိတ်ထားရပြီး လွိုင်ကော်တက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူ ၁၄၄ ယောက်နဲ့ ဟားခါးတက္ကသိုလ်မှာ ၂၉ ယောက်တို့က ဝင်ခွင့်ရရှိထားတယ်လို့ သိရပါတယ်။

ရန်ကုန်က အခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားအများစုကလည်း ပုဂ္ဂလိက ကျောင်းနဲ့ NUG က ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာပဲ ဆက်လက်သင်ကြားလိုကြပြီး စစ်ကောင်စီ လက်အောက်က ကျောင်းတွေမှာ မတက်ရောက်ဘူးလို့ တက္ကသိုလ်ဝင်တန်း သင်ကြားရေးCDMဆရာ တစ်ယောက်က ပြောပါတယ်။

“ကျနော်သင်တဲ့ တပည့်တွေထဲမှာပေါ့နော် စကစ တက္ကသိုလ်တက်တဲ့သူနည်းတယ်။ ပိုက်ဆံ တတ်နိုင်တဲ့ မိဘတွေကတော့ အင်္ဂလိပ်ကျောင်းတွေ ပုဂ္ဂလိကကျောင်းတွေ အများဆုံးသွားတက်ကြတာ တွေ့ရပါတယ်။ NUG ကျောင်းသွားတာ အများဆုံးက ဘယ်လိုလူမျိုးတွေအများဆုံးတွေ့ရလဲဆိုတော့ CDM လုပ်ထားတဲ့ ကျောင်းသား တော်တော်များများကတော့ NUG ကျောင်းကိုပဲ တက်ကြတာတွေ့ရတယ်ပေါ့။ NUG တက္ကသိုလ်ကို တက်ချင်တဲ့ ကျောင်းသားတော်တော်များများလည်း ဆန္ဒတွေရှိနေတယ်။ ဘယ်လိုဆက်သွယ်ရမလဲ ဘယ်လို လုပ်ရမလဲဆိုတာ မသိကြတာလည်းပါတာပေါ့။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်က ကျောင်းတွေမှာ ၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေကို ပထမနှစ် တက္ကသိုလ်ပညာရေးတွေကိုလည်း ဖွင့်လှစ်ပေးမှာဖြစ်ပြီး ကျောင်းသားအရေအတွက် ၈၅၀၀ကို ပထမအကြိမ်အဖြစ် လက်ခံသွားမယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး ဒီနှစ်မှာတော့ NUG က ဖွင့်မယ့် တက္ကသိုလ်မှာ ဝင်ခွင့်လျှောက်ထားဖြစ်တဲ့အကြောင်းကို CDM ကျောင်းသူတစ်ယောက်က ပြောပြပါတယ်။

“မြန်မာနွေဦးယူနီဗာစတီက ခေါ်တဲ့ teaching ပေါ့ UOT university of teaching ကခေါ်တဲ့ မေဂျာတစ်ခုကို လျှောက်ထားပါတယ်။ အသိဉာဏ်တရားခေါင်းပါးပြီး ကိုယ်ချင်းစာ တရားမရှိတဲ့သူတွေနဲ့ တတန်းတည်းမတက်ချင်တာရယ်။ လူသတ်ကောင်တွေ ဖွင့်ထားတဲ့ကျောင်းမှာ မတက်ချင်တာပါပဲ။ NUG  ကျောင်းတက်တာကတော့ တကယ့် campus လိုထပ်တူတော့မခံစားရပေမဲ့ ကိုယ်က တကယ်စာနဲ့ သိဖို့ပဲ လိုအပ်တာဆိုတော့လေ ဒီလိုတက်ထားရင် အကျိုးက မရှိတာ‌တော့ မဖြစ်နိုင်ပါဘူး။ တချိန်ချိန်ကျရင် အကျိုးကို ခံစားရဦးမှာပေါ့။”

ဒီနှစ်မှာ စစ်ကောင်စီက စတင်ဖွင့်လှစ်တဲ့ နေပြည်တော် State Academy မှာတော့ ဘာသာရပ် ၁၂ ခု အတွက် ကျောင်းသားကျောင်းသူ ၆၀၀ ကျော်ဝင်ခွင့်ရရှိခဲ့ပြီး မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ ၁၂၀၀ ကျော်၊ မိတ္ထီလာတက္ကသိုလ်မှာ ၁၀၀၀ ကျော်၊ ရတနာပုံတက္ကသိုလ်မှာ ၁၀၀၀ ကျော်နဲ့ မော်လမြိုင်တက္ကသိုလ်မှာ ၁၁၀၀ ကျော် တို့ ဝင်ခွင့်ရရှိခဲ့ပါတယ်။

အခုနှစ် dayကျောင်းဝင်ခွင့်ရ ကျောင်းသားက အရင်နှစ်ကနှစ် အနည်းငယ်ပိုများလာတယ်လို့ အဆင်မြင့်ပညာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်၊

စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကျောင်းသားအများစုက အဝေးသင်ပညာရေးကိုပဲ ရွေးချယ် တက်ရောက်နေကြတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ၁၆၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၀၉၀၀၀ ကျော်အောင်မြင်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013