DVB Logo
Home
Lead Story
မြန်မာစစ်တစ္ဆေသရဲကြီးတို့ ကြံရာမရ - ငရဲတံခါးကြီးပွင့်နေတဲ့ကာလ
DVB
·
December 5, 2023
မြန်မာစစ်တစ္ဆေသရဲကြီးတို့ ကြံရာမရ - ငရဲတံခါးကြီးပွင့်နေတဲ့ကာလ
Donate to DVB

တရုတ်လူမျိုးတွေရဲ့ သက်ဝင်ယုံကြည်မှု ဓလေ့ထုံးတမ်းအရ နှစ်စဉ် တရုတ်ပြက္ခဒိန် ၇ လမြောက်လရဲ့ ၁၅ ရက်နေ့မှာ တစ္ဆေကြီးပွဲတော် (Hungry Ghost Festival) ကို အာရှတိုက် အရှေ့ပိုင်းနဲ့ အရှေ့တောင်အာရှနိုင်ငံက တာအိုဘာသာဝင်နဲ့ တရုတ်ဗုဒ္ဓဘာသာဝင်အများစုက ကျင်းပလေ့ရှိပါတယ်။ သူတို့ရဲ့ ပြက္ခဒိန် ၇ လမြောက် ပထမဆုံးနေ့မှာ ငရဲတံခါးတွေ အားလုံးပွင့်သွားပြီး တစ္ဆေသရဲတွေကို အစားအသောက် ရှာဖွေစားသောက်နိုင်ဖို့ ရက် ၃၀ တိုင်အောင် ငရဲတံခါးတွေ ပွင့်နေတယ်လို့ သူတို့က ယုံကြည်ကြပါတယ်။ အဲ့ဒီကာလမှာ ဆာလောင်မွတ်သိပ်နေတဲ့ တစ္ဆေသရဲတွေ ထွက်လာပြီး အငမ်းမရ ရှာဖွေ‌စားသောက်ကြတယ်လို့ ယူဆကြပါတယ်။

ဒီနှစ်မှာတော့ စင်ကာပူတရုတ်လူမျိုးတွေရဲ့ တစ္ဆေကြီးပွဲတော်ကတော့ အင်္ဂလိပ်ပြက္ခဒိန်ရဲ့ သြဂုတ်လ ၁၆ ရက်နေ့ညမှာ ကျရောက်ခဲ့ပြီး ငရဲတံခါးကြီးပွင့်ခဲ့တာ စက်တင်ဘာလ ၁၄ ရက်နေ့ထိ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ အဲဒီအချိန်ကာလ ၁ လတာအတွင်းမှာ သူတို့ရဲ့ ကွယ်လွန်သွားတဲ့ မိဘဘိုးဘွား ဆွေမျိုးမိတ်ဆွေတွေအပြင် အပြင်ထွက်လာတဲ့ တစ္ဆေသရဲကြီးတွေအတွက် ရည်စူးပြီး ကြက်ကင်၊ ဘဲကင်၊ ဝက်ကင်နဲ့ အစားအသောက် အချိုမုန့်မျိုးစုံ၊ သစ်သီးဝလံတွေနဲ့ ဆက်ကပ်ပူဇော်ကြပါတယ်။ အဲ့ဒါအပြင် ရွှေစက္ကူ၊ ငွေစက္ကူ၊ အဝတ်အစားပုံ၊ ကားပုံ၊ အိမ်ပုံ စတဲ့စက္ကူတွေကို မီးရှို့တဲ့ထုံးစံလည်း ရှိပါတယ်။ အဲ့ဒီလို မီးရှို့ပြီး ပို့လိုက်တဲ့အရာတွေဟာ တမလွန်ကြားနယ်ဘဝမှာ ရောက်နေတဲ့ မိဘဘိုးဘွား ဆွေမျိုးမိတ်ဆွေတွေဆီ ရောက်နိုင်ကြတယ်လို့ သူတို့က ယုံကြည်ကြပါတယ်။

ပြီးတော့ တစ္ဆေကြီးပွဲတော်ကာလအတွင်းမှာ အောက်ပါအချက်တွေ မလုပ်ဆောင်သင့်ဘူးလို့လည်း သူတို့က ယူဆကြပါတယ်။

၁၊ ညအချိန် အဝတ်အစားတွေ အပြင်ထုတ်မလှန်းရ။

၂၊ ကိုယ့်ပုခုံးကို တခြားလူတယောက်က ပုတ်တာမျိုး မလုပ်ရဘူး။

၃၊ လေမချွန်ရဘူး၊ ခရာမမှုတ်ရဘူး။

၄၊ ကလေးတွေနဲ့ နေအိမ်မှာ အကြီးဆုံးဖြစ်တဲ့သူတွေဟာ ညအချိန်မှာ လမ်းထွက်တာမျိုး မပြုလုပ်ရဘူး။

၅၊ နောက်ဆုံးကား၊ နောက်ဆုံးရထား မစီးရဘူး။

၆၊ ညအချိန် နံရံနဲ့အနီးကပ်ပြီး မရပ်ရဘူး။

၇၊ ညအချိန် ဓာတ်ပုံမရိုက်ရဘူး။

၈၊ ညအိပ်ရာဝင်ရင် ဖိနပ်ကို အိပ်ရာကို ဦးတိုက်မချွတ်ရဘူး။

၉၊ ခြေသလုံး‌မွေး မရိတ်ရဘူး။

၁၀၊ အနက်ရောင်နဲ့ အနီရောင်ဟာ ဝိညာဉ်တွေကို ဆွဲဆောင်တဲ့အရောင်တွေ ဖြစ်တာကြောင့် မဝတ်ရဘူး။

၁၁၊ ၄ ဂဏန်းဟာ သေခြင်းကို ကိုယ်စားပြုတဲ့ဂဏန်း ဖြစ်တာကြောင့် ၄ ဂဏန်းကို အသုံးမပြုရပါဘူး။ စတဲ့အချက်တွေ ရှောင်ကျဉ်ကြပါတယ်။

ရက် ၃၀ ပြည့်ပြီးရင်တော့ တစ္ဆေသရဲကြီးတွေဟာ ငရဲပြည်ကို ပြန်လည်ဝင်ရောက်ကြရပြီး ငရဲတံခါးကြီး ပြန်ပိတ်သွားရင်တော့ မနုဿလူသားတွေအတွက် ဘေးအန္တရာယ်ကင်းရှင်း အေးချမ်းကြတာမို့ တရုတ်ပြက္ခဒိန် ၈ လမြောက်လရဲ့ ၁၅ ရက်နေ့မှာ ဆောင်းဦးပေါက်ပွဲတော် Mid-Autumn Festival ကို ကျင်းပပြီး မီးပုံးတွေထွန်းကြ၊ ကလေးသူငယ်တွေ အပြင်ထွက်ကစားလို့ ရပါတယ်။ လမုန့်တွေ လုပ်စားကြတဲ့ Moon Cake Festival ကိုလည်း ကျင်းပပြီး လူသားတွေအတွက် ပျော်ရွှင်ချိန် ဖြစ်ပါတယ်။

လက်ရှိအချိန် မြန်မာနိုင်ငံအရပ်ရပ်က စစ်မျက်နှာအားလုံးမှာ ရှုံးနိမ့်လို့ စစ်အင်အားပြုန်းတီးမှု အလွန်များပြားလွန်းတဲ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးတွေက တလှိုင်းပြီး တလှိုင်း နိုင်ငံအနှံ့အပြား ထိုးလာတာကို ရင်ဆိုင်နိုင်တဲ့ အင်အားမလုံလောက်တော့တာမို့ တပ်သားသစ် စုဆောင်းရာမှာလည်း သေမှာသိတာမို့ စစ်ထဲဝင်ချင်တဲ့လူလည်း မရှိသလောက် ဖြစ်လာနေပါတယ်။

တဖက်မှာလည်း ပြည်တွင်းက ဖက်ဆစ်စစ်တပ် စီးပွားရေးထုတ်ကုန်တွေကို သပိတ်မှောက် ဆန့်ကျင်တာ၊ ဝင်ငွေရပေါက်ရလမ်းတွေကို အားမပေးတာ၊ အခွန်မဆောင်တာ၊ ထီမထိုးကြတာ စတဲ့ ပြည်သူ့လှုပ်ရှားမှုတွေ၊ နိုင်ငံတကာက စစ်တပ်ပိုင်လုပ်ငန်းတွေ၊ ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း ကုမ္ပဏီတွေကို အပြစ်ဒဏ်ခတ် ပိတ်ဆို့တားဆီးတာတွေ၊ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးနဲ့ ချင်းပြည်နယ် စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်က အိန္ဒိယ၊ ဘင်္ဂလား‌ဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ ဖြတ်တောက်ခံရတော့ ကုန်သွယ်မှုကရတဲ့ ငွေကြေး ဘီလျံပေါင်းများစွာကို စစ်ဓားပြတပ်ဟာ ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ စစ်ဓားပြတပ်ဟာ လူအင်အား၊ ငွေအင်အား အရမ်းလိုအပ်နေတာမို့ ဆာလောင်မွတ်သိပ်နေတဲ့ တစ္ဆေသရဲတွေ (Hungry Ghost) တွေနဲ့ ပမာတူလှပါတယ်။ ဒါကြောင့်မို့လို့လည်း ငတ်ပြတ်နေကြတဲ့ စစ်ဓားပြတွေနဲ့ လက်ပါးစေတွေဟာ သူတို့စိုးမိုးတဲ့ နယ်‌မြေတွင်းက စစ်ဆေးရေးဂိတ်တွေမှာ ဖြတ်သန်းလာသူတွေကို စစ်ဆေးဖမ်းဆီး ငွေညှစ် ရမ်းကားသတ်ဖြတ်တာကို သရဲတစ္ဆေများသဖွယ် ကြမ်းကြုတ်ရက်စက်စွာ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

သူတို့ရှင်သန်ဖို့ အချိန်အကန့်အသတ်သာကျန်တော့တဲ့ စစ်ဓားပြ ဘီလူးသဘက်တွေဟာ Hungry Ghost Festival က ငရဲတံခါးကြီး ပွင့်သွားသလို ဧည့်စာရင်းတွေဝင်စစ်၊ ဖုန်းတွေစစ်ပြီး ပြန်ပေးဆွဲ ဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ၊ မှန်ကန်မှုရှိမရှိ မသေချာဘဲ သတင်းရလို့ဆိုပြီး ပြည်သူလူထုအိမ်တွေပေါ် ရုတ်တရက်ဝင်လာကြပြီး ဖမ်းဆီးတာ၊ ငွေကြေးဓားပြတိုက်တာတွေကို ဆာလောင်မွတ်သိပ်နေတဲ့ နာနာဘာဝ အစိမ်းသရဲတွေလို ကျူးလွန်နေကြချိန် ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံမှာ အခုလက်ရှိအချိန်ဟာ အချိန်သိပ်မကျန်‌တော့တဲ့ စစ်ဘီလူးသဘက် အစိမ်းတစ္ဆေသရဲတွေရဲ့ ငရဲတံခါးကြီးပွင့်နေတဲ့ကာလ ဖြစ်ပါတယ်။ စစ်အင်အားပြုန်းတီး၊ ဘဏ္ဍာငွေကြေး ချို့တဲ့လွန်းလာတဲ့ ဆာလောင်မွတ်သိပ်နေတဲ့ စစ်ဓားပြတွေဟာ ကြံရာမရတာမို့ ဖမ်းတာ ဆီးတာ စစ်ဆေးတာ၊ ပေါ်တာဆွဲတာ၊ ပိုက်ဆံနဲ့ ပြန်အရွေးခိုင်းတာ၊ ငွေညှစ်တာတွေကို ဆင်ခြင်တုံတရားမဲ့စွာ သွေးရူးသွေးတမ်း လုပ်ဆောင်နေကြချိန် ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထု အထူးသဖြင့် လူငယ်လူရွယ်တွေကို သတိပေးချင်တာက အခုချိန်မှာ မိမိအသက်ကို သတိဝီရိယထား ကာကွယ်စောင့်ရှောက်ရမယ့်အချိန် ဖြစ်တာမို့ ပေါ်တာဆွဲတာ မခံရစေဖို့၊ ပြိုလဲကျဆုံးနေတဲ့ စစ်ဓားပြဂိုဏ်းထဲ အသွင်းမခံရအောင် အသွားအလာ အနေအထိုင်တွေ ဆင်ခြင်ကြဖို့ လိုပါတယ်။ မိုးချုပ်တဲ့အခါ မလိုအပ်ရင် အပြင်မထွက်ကြဘဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ မိမိဖုန်းထဲမှာ၊ ကွန်ပြူတာထဲမှာလည်း စစ်တစ္ဆေသရဲတွေ အကြိုက်တွေ့မယ့် သတင်းအချက်အလက် ဓာတ်ပုံတွေ အပြီးဖျက်ထားကြဖို့လည်း လိုပါတယ်။

နောက်ဆုံးအချိန်ရောက်လို့ အသက်ငင်နေတဲ့ စစ်အာဏာရှင်စနစ်ရဲ့ စစ်ဘီလူးသဘက် တစ္ဆေသရဲတွေဟာ မကြာခင်မှာ သူတို့အတွက် ငရဲတံခါးကြီးပွင့်လာပြီး ပြုခဲ့တဲ့ အကုသိုလ်ကံဆိုးတွေရဲ့ အရှိန်အဟုန်နဲ့ ငရဲပြည်ကို မလွဲဧကန် သွားကြရမှာ ဖြစ်ပါတယ်။ စစ်ဓားပြ နာနာဘာဝတွေရဲ့ ငရဲတံခါးကြီး ပြန်ပိတ်သွားလို့ Hungry Ghost Festival ပြီးသွားရင်တော့ ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာပြီး တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအတွက် ဘေးအန္တရာယ်အလုံးစုံ ကင်းစင်လို့ အေးချမ်းသာယာမယ့်အချိန် ဖြစ်လာမယ့် ဆောင်းဦးပေါက်ပွဲတော် Mid-Autumn Festival ကြီး ကျင်းပပြီး မီးပုံးတွေထွန်းညှိရင်း တနိုင်ငံလုံး ပျော်ရွှင်ကြရ အောင်ပွဲခံကြရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013