DVB Logo
Home
အားကစား
အာဆင်နယ် ၆ ဂိုးပြတ်နိုင်ပြီး မန်ယူ သရေကျခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ
DVB
·
November 30, 2023
အာဆင်နယ် ၆ ဂိုးပြတ်နိုင်ပြီး မန်ယူ သရေကျခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ
1 / 14
Donate to DVB

ဥရောပချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅ ကို နိုဝင်ဘာ ၂၉ ရက် မနေ့ညက ဆက်လက်ယှဉ်ပြိုင်ရာ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ အနိုင်ရခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ သရေရလဒ်ပဲ ယူဆောင်နိုင်ခဲ့ကြပါတယ်။

အုပ်စု အေ ပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်က ဂါလာတာစာရေးနဲ့ အဝေးကွင်းမှာ ၃ ဂိုးစီ သရေကျခဲ့တာမို့ နောက်တဆင့် တက်ရောက်နိုင်ဖို့ အလားအလာနည်းသွားပါတယ်။

မန်ယူနိုက်တက်ဟာ အခုပွဲစဉ်ကို အနိုင်ရမှ နောက်တဆင့်အတွက် မျှော်မှန်းနိုင်မှာမို့ ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပြီး ဦးဆောင်ဂိုးတွေ ရခဲ့ပေမဲ့ အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ချေပဂိုးတွေ ပေးခဲ့ရတာပါ။

မန်ယူအတွက် ဂိုးတွေကို ပွဲချိန် ၁၁ မိနစ်မှာ ဂါနာချို၊ ၁၈ မိနစ်မှာ ဖာနန်ဒက်စ်နဲ့ ၅၅ မိနစ်မှာ မက်တွန်မီနေးတို့က သွင်းယူပေးခဲ့ပါတယ်။

ဂါလာတာစာရေးအတွက် ဂိုးတွေကိုတော့ ၂၉ မိနစ်နဲ့ ၆၂ မိနစ်တွေမှာ ဇီယက်ရှ်၊ ၇၁ မိနစ်မှာ အက်တာကိုဂလူတို့က သွင်းယူပေးခဲ့ပါတယ်။

အုပ်စု အေ တခြားပွဲစဉ်မှတော့ ဘိုင်ယန်မြူးနစ်နဲ့ ကိုပင်ဟေဂင်တို့ ဂိုးမရှိ သရေကျခဲ့ပါတယ်။

ဒီအုပ်စုမှာ ဘိုင်ယန်မြူးနစ်က အုပ်စုဗိုလ်အဖြစ် နောက်တဆင့် တက်ရောက်ထားပြီးဖြစ်လို့ ကျန်သုံးသင်းက ဒုတိယနေရာ လုကြရမှာပါ။ အုပ်စုရပ်တည်မှုမှာ ဘိုင်ယန်မြူးနစ်က ၁၃ မှတ်နဲ့ ပထမ၊ ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးတို့က ၅ မှတ်စီ တူပေမဲ့ ဂိုးကွာခြားချက်သာတဲ့ ကိုပင်‌ဟေဂင် ဒုတိယ၊ ဂါလာတာရေးက တတိယ၊ မန်ယူကတော့ ၄ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

အုပ်စု နောက်ဆုံးပွဲအဖြစ် ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးတို့ တွေ့ဆုံနေပြီး အနိုင်ရတဲ့အသင်း နောက်တဆင့် တက်ရောက်နိုင်မှာ ဖြစ်ကာ မန်ယူကတော့ အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ကစားရမှာဖြစ်လို့  အနိုင်ရမှ ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

အုပ်စု ဘီ ပွဲစဉ်တွေမှာတော့ အာဆင်နယ်က အိမ်ကွင်းမှာ လန်းစ်ကို ၆ ဂိုး ဂိုးမရှိ၊ ပီအက်စ်ဗွီက ဆီဗီလာကို အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ကိုင်ဟာဗက်စ်၊ ‌ဂျေဇူး၊ ဆာကာ၊ မာတင်နယ်လီ၊ အိုဒီဂတ်နဲ့ ဂျော်ဂျင်ဟိုတို့က သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ အခုနိုင်ပွဲကြောင့် အုပ်စုဗိုလ်နေရာကနေ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပြီး ပီအက်စ်ဗွီက ၈ မှတ်နဲ့ ဒုတိယ၊ လန်းစ်က ၅ မှတ်နဲ့ တတိယ၊ ဆီဗီလာက ၂ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

အုပ်စု နောက်ဆုံးပွဲစဉ်မှာ လန်းစ်နဲ့ ဆီဗီလာ၊ ပီအက်စ်ဗွီနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဘယ်အသင်း အုပ်စု ဒုတိယနဲ့ နောက်တဆင့်၊ ဘယ်အသင်း ယူရိုပါလိဂ်မှာ ဆင်းကန်ရပြီး အုပ်စုကနေ ဘယ်အသင်း ထွက်ရမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မနေ့ညကပဲ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု စီ ပွဲစဉ်တွေမှာတော့ ရီးရဲလ်မက်ဒရစ်က အိမ်ကွင်းမှာ နာပိုလီကို ၄ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ဘရာဂါက အိမ်ကွင်းမှာ ယူနီယံဘာလင်နဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။

ဒီအုပ်စုမှာ ရီးရဲလ်က ၁၅ မှတ်နဲ့ အုပ်စု ပထမနေရာကနေ နောက်တဆင့် တက်ရောက်ပြီး ဖြစ်ကာ နာပိုလီက ၇ မှတ်နဲ့ ဒုတိယ၊ ဘရာဂါက ၄ မှတ်နဲ့ တတိယ၊ ယူနီယံဘာလင်က ၂ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

အုပ်စု နောက်ဆုံးပွဲစဉ်မှာ နာပိုလီနဲ့ ဘရာဂါ၊ ယူနီယံဘာလင်နဲ့ ရီးရဲလ်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဘယ်အသင်း အုပ်စု ဒုတိယနဲ့ နောက်တဆင့်တက်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အုပ်စု ဒီ ပွဲစဉ်တွေမှာတော့ ဘင်ဖီကာနဲ့ အင်တာမီလန်တို့ ၃ ဂိုးစီ သရေ၊ ဆိုစီဒက်နဲ့ ဆောလ်ဇ်ဘာ့ဂ်က ဂိုးမရှိ သရေ ရလဒ် ထွက်ခဲ့ပါတယ်။

ဒီအုပ်စုမှာ ဆိုစီဒက်နဲ့ အင်တာမီလန်က ၁၁ မှတ်စီ တူပြီး ဆိုစီဒက်က ပထမ၊ အင်တာက ဒုတိယ နေရာမှာ ရပ်တည်ထားပြီး နှစ်သင်းစလုံး နောက်တဆင့် တက်ရောက်ထားကာ အုပ်စု နောက်ဆုံးပွဲစဉ်မှာလည်း ဒီနှစ်သင်း အင်တာမီလန်ကွင်းမှာ ယှဉ်ပြိုင်ရမှာမို့ ဘယ်အသင်း အုပ်စုဗိုလ်ဖြစ်မလဲဆိုတာ သိရမှာ ဖြစ်ပါတယ်။ ကျန်အသင်းတွေဖြစ်တဲ့ ဆောလ်ဇ်ဘာ့ဂ်က ၄ မှတ်နဲ့ အုပ်စု တတိယ၊ ဘင်ဖီကာက ၁ မှတ်နဲ့ အုပ်စုနောက်ဆုံးမှာ ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်တွေကိုတော့ လာမယ့် ဒီဇင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013