DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ လမ်းပန်းဆက်သွယ်ရေး ပြန်ဖွင့်ပေးရန် ဒေသခံလူထု တောင်းဆို
DVB
·
November 29, 2023
ရခိုင်ပြည်နယ်၌ လမ်းပန်းဆက်သွယ်ရေး ပြန်ဖွင့်ပေးရန် ဒေသခံလူထု တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်တဝန်း ပိတ်ဆို့ထားတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ပြန်လည်ဖွင့်လှစ်ပေးဖို့ Non-CDM ဝန်ထမ်းတွေနဲ့ ဒေသခံ ရခိုင်ပြည်သူလူထုတွေက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကစလို့ တကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်လာပြီးနောက်  စစ်ကောင်စီက ရခိုင်တပြည်လုံးရှိ ရေလမ်း၊ ကုန်းလမ်း အားလုံးကို အချိန်အကန့်အသတ်မရှိ ကာလကြာရှည်စွာ ပိတ်ဆို့ထားလိုက်တာကြောင့် ဒေသခံတွေ အခက်ကြုံနေကြရတာပါ။

မောင်တောမှာ တာဝန်ကျနေတဲ့ ဆရာမတဦးက “ကျမတို့ ပညာရေးဝန်ထမ်းတွေအနေနဲ့ အခက်အခဲတွေက အများကြီးရှိပါတယ်။ နယ်ဘက်တွေမှာကျနေတဲ့ ဝန်ထမ်းတွေအနေနဲ့ ပိုပြီး အခက်အခဲရှိပါတယ်။ အခုလို လမ်းတွေပိတ်ထားတော့ ကျမတို့က ဘယ်မှ မသွားရဲကြတော့ဘူး။ ကျမတို့ ကျောင်းတက်မယ်ဆိုရင်တောင် မလုံခြုံဘူး။ အဓိကက လမ်းတွေပိတ်ထားတော့ ဘယ်ကိုမှ သွားမရတော့ဘူး။ နယ်မှာတာဝန်ကျနေတယ်ဆိုတော့ ကားတွေငှားပြီး သွားရတယ်။ အခုက လမ်းတွေပိတ်ထားတော့ ကားတွေလည်း မသွားရဲဘူး။ ဘယ်သူမှလည်း အဲဒီလမ်းတွေကို ဖြတ်ပြီး မသွားရဲကြဘူး။ ကျောင်းတက်မယ်ဆိုရင်တော့ ကျောင်းတက်လို့ရပါတယ်။ ဒါပေမဲ့ လမ်းတွေပိတ်ထားတော့ ကျမတို့က ဘယ်လိုမျိုး ကျောင်းကိုသွားရမလဲ၊ လုံခြုံရေးတွေ ပေးရင်တောင် လက်နက်ကြီးတွေနဲ့ ဘယ်အချိန်ပစ်မလဲဆိုတာ မသိနိုင်ပါဘူး။ အဲ့ဒါကြောင့် ပိတ်ထားတဲ့လမ်းတွေ ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့် အခြေခံပညာစာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ မဟုတ်မှန်ကြောင်း စစ်ကောင်စီက ငြင်းဆိုထားပါတယ်။

စစ်ကောင်စီက လမ်းတွေပိတ်ဆို့ထားတာကြောင့် တနေရာမှ တနေရာကို သွားရောက် အလုပ်လုပ်ကြရတဲ့ လက်လုပ်လက်စားတွေလည်း အခက်အခဲ တွေ့နေကြပါတယ်။

မောင်တောဒေသခံတဦးက “မောင်တောမြို့နယ်မှာက ဘာအလုပ်အကိုင်မှ မရှိကြဘူးလေ။ အခုလို လမ်းတွေပိတ်ထားတော့ တပိုင်တနိုင် လုပ်ကိုင်စားသောက်နေကြရသူတွေ အတော်လေး အခက်အခဲ ဖြစ်နေကြရတယ်။ ဟိုလည်းသွားမရ၊ ဒီလည်းသွားမရဘူး။ ကျီးကန်းပြင်ဌာနချုပ်ဂိတ်တွေကလည်း မွတ်ဆလင်တွေကိုကျတော့ သွားလာခွင့် ပြုထားတယ်။ ရခိုင်တိုင်းရင်းသားတွေကျတော့ သွားလာခွင့် မရကြဘူးဗျ။ ဒီရက်တပတ်မှာတောင် ဝန်ထမ်းတွေနဲ့ ပြည်သူတွေ အခက်အခဲ ဖြစ်နေကြရတာ။ အဲဒါကြောင့် လမ်းတွေ အမြန်ဆုံးဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေကတော့ “ဒီလို ပိတ်ဆို့မှုတွေက အရင်တုန်းကလည်း လုပ်ခဲ့ပါတယ်၊ ရခိုင်မှာပေါ့နော်၊ အခုလည်း လုပ်မှာပေါ့။ အဓိကကတော့ ကုန်စည်စီးဆင်းမှုတွေကို ပိတ်မှာပေါ့။ ဒါပေမဲ့ ရခိုင်က မထွက်တဲ့ ကုန်တွေကိုပဲ ပိတ်လို့ရပါလိမ့်မယ်။ ရခိုင်ကထွက်တဲ့ ကုန်တွေကိုကျတော့ ပိတ်လို့မရနိုင်ပါဘူး။ အရင်နဲ့တော့ မတူနိုင်ဘူး။ အဓိကတော့ ဆန်နဲ့ တခြားသီးနှံတွေပေါ့၊ ရခိုင်ပြည်ကထွက်တဲ့ဟာတွေနဲ့ လည်ပတ်လို့ ရနိုင်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လတ်တလော ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တွေမှာ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

နိုဝင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ လောက်ကလည်း စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ပေါက်တောမြို့ကို လာရောက်ပစ်ခတ်ခဲ့ပြီး မြို့အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အခု နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013