DVB Logo
Home
မြန်မာသတင်း
ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီစခန်းနှင့် စစ်ယာဉ်တန်း တိုက်ခိုက်ခံရ
DVB
·
November 29, 2023
ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီစခန်းနှင့် စစ်ယာဉ်တန်း တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ တိုတောင်ပေါ်ရှိ စစ်ကောင်စီစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၇ ရက် မနက် ၁၁ နာရီခွဲလောက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းဆီက သိရပါတယ်။

တိုတောင်ပေါ်မှာ စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်ခန့်ရှိကာ ကတုတ်ကျင်း၊ ဘန်ကာတွေနဲ့ အခိုင်အမာ တပ်စွဲထားပြီး ပုလောမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့နေရာလည်း ဖြစ်တယ်လို့ PDF တွေက ပြောပါတယ်။

မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ ကျနော်တို့တည်နေရာကို သူတို့မသိဘူး။ မသိတော့ ကားလမ်းမှာ သွားလာနေတဲ့ ပြည်သူတွေကို ရမ်းပစ်တာတွေလုပ်တယ်။ တိုက်ပွဲအတွင်း ကဒဲကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်တယ်။ ကျနော်တို့လည်း ပြည်သူတွေ ထိခိုက်မခံချင်လို့ ပြန်ဆုတ်လာတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်က ၁ ဦးကျဆုံးပြီး ထိခိုက်သေဆုံးမှု အတိအကျကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီဘက်က အင်အား ၈၀ လောက်နဲ့ မြိတ်မြို့ကနေ ရေလမ်းကနေတဆင့် ပလဆိပ်ကမ်းကို ရောက်လာပြီး တိုတောင်ပေါ်မှာ နေရာပြန်ယူထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ တနင်္သာရီဘက်က ဆင်းလာတဲ့ စစ်ကောင်စီယာဉ် ၄ စီးကို ညောင်ပင်ကုန်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မြိတ်ခရိုင်ပကဖ ပြန်ကြား‌ရေးတာဝန်ရှိသူတဦးက “စစ်ကောင်စီယာဥ်တန်း ဆင်းလာတယ်လို့ သတင်းရတာနဲ့ လမ်းပိုင်းမှာ အဆင်သင့်လုပ်ပြီးတော့ စောင့်ပြီး မိုင်းဆွဲတာပါ။ ကျောက်ကား လေးစီးမှာ အရှေ့က ကားနှစ်စီး ထိတာ‌ပါ။ လူနာတင်ကားနဲ့ မြိတ်ကို ခေါ်ဆောင်သွားတယ်” လို့ ပြောပါတယ်။

မိုင်းထိမှန်ခဲ့တာကြောင့် ကားတစီး ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သား ၄ ဦး ဒဏ်ရာရခဲ့သလို နောက်ထပ် ၃ ဦးကိုလည်း ၅၅၈ တပ်ရင်းထဲကို ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီယာဉ်တန်းကနေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မိုင်းဆွဲတဲ့အခါမှာ အရှေ့ကနှစ်စီးကို ဆွဲတယ်။ ကားထဲမှာပါတဲ့ စစ်သားတွေက ကြောက်လန့်ပြီးတော့ ပစ်ခတ်တာပေါ့။ မိုင်းဆွဲတဲ့နေရာမှာပဲ ရမ်းသန်းပစ်ခတ်တာပါ” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှာ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၁၊ တနင်္သာရီ ပကဖမှ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့နဲ့ မြိတ် ပကဖတို့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၄ ရက်‌ကလည်း လက်နက်အပြည့်နဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ခမောက်ကြီးမြို့နယ် မလိဝမ်းရွာ ဆယ်အိမ်စုအနီးမှာ ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှေ့ပြေးမိုင်းနှစ်လုံးနဲ့ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်းမှူး အပါအဝင် တပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ တနင်္သာရီ၊ ပုလော၊ ကော့သောင်း၊ ကျွန်းစုမြို့နယ်တို့မှာ ပြည်သူတွေ စစ်ရေးသတိရှိကြဖို့၊ စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးမှာ သွားလာနေထိုင်ကြဖို့၊ စစ်ရေးထုတ်ပြန်ချက်တွေကို အချိန်နဲ့တ‌ပြေးညီ စောင့်ကြည့်ပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013