DVB Logo
Home
မြန်မာသတင်း
တုံခန်ရွာဝန်းကျင်တွင် တိုက်ပွဲ ပြင်းထန်၊ မန့်မော်ရွာက ပြည်သူ ၃၀ ခန့် ပိတ်မိနေ
DVB
·
November 29, 2023
တုံခန်ရွာဝန်းကျင်တွင် တိုက်ပွဲ ပြင်းထန်၊ မန့်မော်ရွာက ပြည်သူ ၃၀ ခန့် ပိတ်မိနေ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်နဲ့ ၁၀၅ မိုင်ကြား တုံခန်ရွာဝန်းကျင်မှာ နိုဝင်ဘာ ၂၉ ရက် မနက် ၆ နာရီလောက်ကစတင်ကာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး တုံခန်အထက်က မန့်မော်ရွာမှာ ပြည်သူ ၃၀ ခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်က စတင်ကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မန့်မော်ရွာက အမျိုးသမီး ၁ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ‌တွေလည်းရှိပြီး ဒေသခံ ၃၀ ခန့် ပိတ်မိနေတာလို့ ဆိုပါတယ်။

“မနေ့ကလည်း သွားမရလို့၊ ဒီနေ့လည်း သွားဖို့ရာ လမ်းခဏပိတ်ထားတယ်။ ထိခိုက်မှုက လောလောဆယ် သုံးလေးငါးယောက်လောက် ရှိမလား မသိဘူး။ သေတဲ့လူလည်း ရှိတယ်ဗျ။ အဲ့မှာ ကျနော်တို့ သေတဲ့လူကို မနေ့ကတည်းက သွားမသယ်ရသေးဘူး။ လမ်းပိတ်တာက မနက်က တုံခန်မှာ ပစ်နေလို့လေ။ အဲဒါကြောင့် ပိတ်ထားတာ။ ဘုန်းကြီးကားတောင် ပေးမသွားဘူး” လို့ လူမှုကူ‌ညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အဓိက မန့်မော်ရွာမှာ ထိခိုက်မှုများပြီး ဖုန်းလိုင်းတွေ ပြန်တောက်၊ အဆက်အသွယ် မရတာကြောင့် ထိခိုက်သေဆုံးမှု အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဒေသခံတဦးက “မန့်မော် ဘုန်းကြီးကျောင်းတော့ ကုန်ပြီ။ ထိခိုက်သေဆုံးမှု အတိအကျ မသိရသေးဘူး၊ အဆက်အသွယ် မရလို့။ ပိတ်မိတဲ့လူလည်း ရှိသေးတယ်” လို့ ပြောပါတယ်။

၁၀၅ မိုင်မှာလည်း နိုဝင်ဘာ ၂၈ ရက်က ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒဏ်ရာရသူ ၅ ဦးထက်မနည်းရှိပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်‌တောက်နေတာကြောင့် သေဆုံးသူ အရေအတွက် အတိအကျ မသိရသလို လက်ရှိအထိ သွားရောက်ကယ်ဆယ်နိုင်ခြင်း မရှိသေးဘဲ နေအိမ်၊ အဆောက်အဦတွေလည်း အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မူဆယ် ၁၀၅ မိုင်မှာ နိုဝင်ဘာ ၂၇ ရက်ကလည်း နှစ်ဖက်တိုက်ပွဲအတွင်း လျှပ်စစ်ပစ္စည်းဂိုဒေါင်တခု မီးလောင်ခဲ့ပြီး စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် ကလေးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရရှိသလို နိုဝင်ဘာ ၂၆ ရက် ညကလည်း ကားကြီးသမား ၁ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013