DVB Logo
Home
အားကစား
ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်စီးတီးနှင့် ဘာကာတို့ အနိုင်ရပြီး နယူးကာဆယ်နှင့် ပီအက်စ်ဂျီ သရေကျ
DVB
·
November 29, 2023
ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်စီးတီးနှင့် ဘာကာတို့ အနိုင်ရပြီး နယူးကာဆယ်နှင့် ပီအက်စ်ဂျီ သရေကျ
1 / 12
Donate to DVB

ဥရောပချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကို နိုဝင်ဘာ ၂၈ ရက် မနေ့ညက ယှဉ်ပြိုင်ရာ မန်စီးတီး၊ ဘာစီလိုနာ၊ အက်သလက်တီကိုမက်ဒရစ်၊ လာဇီယို၊ ဒေါ့မွန်တို့ အသီးသီး အနိုင်ရခဲ့ကြပြီး နာမည်ကြီး ပီအက်စ်ဂျီအသင်းကတော့ နယူးကာဆယ်နဲ့ ၁ ဂိုးစီသရေကျခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စု ဂျီ က မန်စီးတီးနဲ့ လိုက်ပ်ဇစ်တို့ပွဲစဉ်မှာ လိုက်ပ်ဇစ်က ပွဲချိန် ၁၃ မိနစ်နဲ့ ၃၃ မိနစ်တို့မှာ ၂ ဂိုးသွင်းယူပြီး ပထမပိုင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရတာပါ။

မန်စီးတီးအတွက် ၅၄ မိနစ်မှာ ဟာလန်း၊ မိနစ် ၇၀ မှာ ဖိုဒန်နဲ့ ၈၇ မိနစ်မှာ အယ်လ်ဗာရက်ဇ်တို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အုပ်စုပွဲစဉ်လက်ကျန်နှစ်ပွဲအလိုမှာ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပေမဲ့ အုပ်စုပထမနေရာရဖို့အတွက် လိုက်ပ်ဇစ်အသင်းကို အနိုင် ဒါမှမဟုတ် သရေရရှိအောင် ကစားသွားရမှာဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပွဲမတိုင်ခင်က ပြောထားပါတယ်။

ဒီအုပ်စုက တခြားပွဲစဉ်မှာတော့ ယန်းဘွိုင်းစ်က ဇဗက်ဒါကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဒီအုပ်စုမှာ ၅ ပွဲစီကစားအပြီး မန်စီးတီးက ၅ ပွဲလုံးအနိုင်ရကာ ၁၅ မှတ်နဲ့ အုပ်စု ပထမ၊ လိုက်ပ်ဇစ်က ၉ မှတ်နဲ့ ဒုတိယ၊ ယန်းဘွိုင်းစ်က ၄ မှတ်နဲ့ တတိယ၊ ဇဗက်ဒါက ၁ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။

အုပ်စု အိတ်ချ် ပွဲစဉ်တွေမှာတော့ နာမည်ကြီး ဘာစီလိုနာက ပေါ်တိုကို ၂ ဂိုး ၁ ဂိုး၊ ရှက်တာဒိုးနက်ခ်က ရွိုင်ရယ်အန့်တ်ဝပ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရခဲ့ပါတယ်။

ဘာစီလိုနာဟာ ဒီပွဲအနိုင်ရခဲ့တဲ့အတွက် ရမှတ် ၁၂ မှတ်နဲ့ အုပ်စု ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပြီး ပေါ်တိုနဲ့ ရှက်တာဒိုးနက်ခ်တို့က ၉ မှတ်စီ တူနေပေမဲ့ ဂိုးကွာခြားချက် အသာရတဲ့ ပေါ်တိုက ဒုတိယ၊ ရှက်တာဒိုးနက်ခ်က တတိယနေရာမှာ ရှိနေပြီး ရွိုင်ရယ်အန့်တ်ဝပ်ကတော့ အမှတ်မရသေးဘဲ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။

ဒီအုပ်စုမှာ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမယ့် ပေါ်တိုနဲ့ ရှက်တာဒိုးနက်ခ်တို့ ပွဲစဉ်က ဘယ်အသင်း နောက်တဆင့်တက်မလဲဆိုတာ အဆုံးအဖြတ် ဖြစ်လာပါတယ်။

အုပ်စု အက်ဖ် ပွဲစဉ်တေွမှာတော့ ဒေါ့မွန်က အေစီမီလန်ကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ပီအက်စ်ဂျီနဲ့ နယူးကာဆယ်တို့ကတော့ ပြင်သစ်မြေမှာ ၁ ဂိုးစီ သရေကျသွားပါတယ်။

ဒီအုပ်စုမှာ ၅ ပွဲစီ ကစားပြီးချိန် ဒေါ့မွန်က ၁၀ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နောက်တဆင့် တက်‌ေရာက်သွားပါတယ်။ ပီအက်စ်ဂျီက ၇ မှတ်နဲ့ အုပ်စု ဒုတိယ၊ နယူးကာဆယ်နဲ့ အေစီမီလန်တို့က ၅ မှတ်စီ တူနေပေမဲ့ ဂိုးကွာခြားချက်အရ နယူးကာဆယ်က တတိယ၊ အေစီမီလန်က အုပ်စု အောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

ဒီအုပ်စုက နောက်ဆုံးပွဲစဉ်အဖြစ် ဒေါ့မွန်နဲ့ ပီအက်စ်ဂျီ၊ နယူးကာဆယ်နဲ့ အေစီမီလန်တို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘယ်အသင်း နောက်တဆင့်တက်မယ်၊ ဘယ်အသင်း ယူရိုပါလိဂ်ရောက်ပြီး ဘယ်အသင်း အုပ်စုအဆင့်က ထွက်ရမယ်ဆိုတာ စိတ်လှုပ်ရှားစွာ ‌စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အုပ်စု အီး ပွဲစဉ်တွေမှာတော့ အက်သလက်တီကို မက်ဒရစ်က ဖီယင်နုကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုး၊ လာဇီယိုက အိမ်ကွင်းမှာ ဆဲလ်တစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။

ဒီအုပ်စုမှာ အက်သလက်တီကိုမက်ဒရစ်က ၁၁ မှတ်နဲ့ အုပ်စု ပထမ၊ လာဇီယိုက ၁၀ မှတ်နဲ့ ဒုတိယ၊ ဖီယင်နုက ၆ မှတ်နဲ့ တတိယ၊ ဆဲလ်တစ်က ၁ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

အက်သလက်တီကိုမက်ဒရစ်နဲ့ လာဇီယိုတို့က နောက်တဆင့် တက်ရောက်ပြီး ဖြစ်သလို ဒီနှစ်သင်း အုပ်စုနောက်ဆုံးပွဲစဉ် တွေ့ဆုံမှုမှာ အုပ်စု ပထမ၊ ဒုတိယနေရာအတွက်ပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖီယင်နုကလည်း တတိယနေရာနဲ့ ယူရိုပါလိဂ်ကို ဆင်းကန်ရမှာ ဖြစ်ပြီး ဆဲလ်တစ်ကတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီနေ့ညမှာလည်း ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅ အဖြစ် ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု အေ က ဂါလာတာစာရေးနဲ့ မန်ချက်စတာယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်နဲ့ ကိုပင်ဟေဂင်၊ အုပ်စု ဘီ က ဆီဗီလာနဲ့ ပီအက်စ်ဗွီ၊ အာဆင်နယ်နဲ့ လန်းစ်၊ အုပ်စု စီ က ရီးရဲလ်မက်ဒရစ်နဲ့ နာပိုလီ၊ ဘရာဂါနဲ့ ယူနီယံဘာလင်၊ အုပ်စု ဒီ က ဘင်ဖီကာနဲ့ အင်တာ၊ ရီးရဲလ်ဆိုစီဒက်နဲ့ ဆောလ်ဇ်ဘာ့ဂ်တို့ တွေ့ဆုံနေပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013