DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ၊ ယင်းမာပင်နှင့် ဆားလင်းကြီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
November 28, 2023
ပခုက္ကူ၊ ယင်းမာပင်နှင့် ဆားလင်းကြီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကန့်ဒေါင့်ရွာရှိ စစ်ကောင်စီတပ် အထိုင်ချနေတဲ့ နယ်မြေခံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နိုဝင်ဘာ ၂၇ ရက် မနက်အစောပိုင်း ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလို တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကန့်ဒေါင့်ရွာနဲ့ အနီးပတ်ဝန်းကျင်ရွာက ဒေသခံတွေ အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကန့်ဒေါင့်ရွာအနီးနေ ပြည်သူတဦးက “အစပိုင်း လက်နက်ပစ်သံတွေက စစ်ကောင်စီဘက်က ကြောက်လန့်ပြီး ပစ်နေတယ်လို့ ထင်နေတာလေ။ ကြာလေ ကြာလေ ပစ်သံတွေ ဆူညံလာတော့ ကန့်ဒေါင့်ရဲစခန်းတော့ ကာကွယ်ရေးတပ်တွေ ဝင်သိမ်းနေပြီလို့ သိလိုက်ရတယ်။ သူတို့ တိုက်ပွဲဖြစ်နေတော့ ကျနော်တို့ဒေသခံတွေ အကုန်ထွက်ပြေးရတယ်။ မပြေးလို့လည်းမရဘူး‌၊ စစ်ကောင်စီအကြောင်းက သိကြတဲ့အတိုင်းပဲ၊ သူတို့စစ်ရှုံးရင် လေယာဉ်နဲ့ အကုန်ပတ်ပစ်တာ။ အခုတောင် ပတ်ပစ်နေပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွား‌နေဆဲဖြစ်ပြီး စစ်ပွဲတလျှောက် စစ်ကောင်စီဘက်က ညနေ ၄ နာရီခွဲအထိ လေကြောင်းပစ်ကူ ၅ ကြိမ်အထိ စစ်ကူပေးနေရတယ်လို့လည်း ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ပုလဲဒေသခံ ကာကွယ်ရေးခေါင်းဆောင်တဦးက “တိုက်ပွဲစပြီး မကြာဘူး၊ မနက်ခင်း ၆ နာရီခွဲမှာ Mi35 နဲ့ ပထမအကြိမ် လာပစ်ကူတယ်။ နောက်ပြီး ၉ နာရီကျော်ကျော်လောက်မှာ နောက်တကြိမ် Mi35 နဲ့ လာထပ်ပစ်တယ်။ ၁၀ နာရီကျော်ကျော်မှာ နောက်တကြိမ် Mi35 နဲ့ပဲ ထပ်လာပစ်တယ်ဗျ။ အဲဒီ ၃ ကြိမ်စလုံး ပစ်ခတ်တဲ့ Mi35 လေယာဉ်က နမခကနေ လာပစ်ခဲ့တာ။ နောက် ၁၂ နာရီကျော်ကျော်လောက်က ဂျက်ဖိုက်တာတစီးနဲ့ ထပ်လာပစ်တာပေါ့။ အဲဒီလေ‌ယာဉ်ကတော့ မန္တလေး တံတားဦးလေယာဉ်ကွင်း‌ကနေ လာပစ်တာပါ။ ညနေ ၄ နာရီကျော်မှာလည်း တကြိမ် ဂျက်ဖိုက်တာနဲ့ လာပစ်သွားတယ်” လို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေမှာ PDF တွေဘက်က အကျအဆုံး မရှိသလို စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

အခုတိုက်ပွဲကို ယင်းမာပင်ခရိုင်ကွပ်ကဲရေးကနေ စစ်ရေးဖော်ဆောင်တာဖြစ်ပြီး ခရိုင်အတွင်းက တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသတွင်း LPDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers (ပခုက္ကူ) ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာ တောင်ဘက် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီလောက်က စနိုက်ပါ  ၂ လက်နဲ့ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Burma Revolution Ranger (ပခုက္ကူ) တာဝန်ခံ ကာတွန်းက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား အင်အား ၁၅ ယောက်လောက် တပ်စွဲထားတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းပေးတွေဆီကနေ သိရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေ အနောက်ချောက်ကန်ရွာဘက်ကို ရောက်လာပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ရိုက်နှက်စစ်ဆေးကာ ပြည်သူတွေရဲ့ ဖုန်း ၅ လုံးကိုလည်း သိမ်းယူသွားကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Burma Revolution Ranger၊ ပခုက္ကူခရိုင် Local တပ်ပေါင်းစုနဲ့ စနေမင်း ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက်ကလည်း နယ်မြေရဲစခန်း ၂ ခုနဲ့ ပျူစောထီး ဂိတ်စခန်းတခု ဗုံးကြဲတိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ-၂ Young Force UG ကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဆားလင်းကြီးမြို့နယ်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျားစနစ်နဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးတယ်လို့ Salingyi သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံမှာ အင်အား ၁၅၀ ဝန်းကျင်လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စနိုက်ပါတွေ၊ လက်နက်ငယ်တွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Salingyi သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ‌”ဆေးရုံရှေ့လမ်းပေါ်မှာ ထွက်ပြီးတော့ ထိုင်ခုံနဲ့ထိုင်နေကြတာကို ကျနော်တို့က ခြေလျင် သွားကပ်ပစ်ခဲ့တာပါ။ သူတို့ဘက်က ၂ ယောက် ထိသွားတာကို မြင်ခဲ့ရပါတယ်။ ကျနော်တို့ဘက်က ပစ်ပြီး ပြန်ဆုတ်ခဲ့တာ။ တောက်လျှောက် သူတို့က လိုက်ပစ်သေးတယ်။ ၄၀ မမနဲ့ရော လက်နက်ငယ်နဲ့ရော စုံလို့ပဲပေါ့” လို့ ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်ဆေးရုံဟာ စစ်ကောင်စီတပ်က လာရောက်တပ်စွဲချိန်ကတည်းက ပိတ်ထားတာဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ စစ်တပ်က မြို့ထဲ ကင်းတွေချထားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Salingyi Revolution Army (SRA) နဲ့ BNRA၊ Monywa Underground Force အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဆားလင်းကြီးမြို့အလယ်ရှိ ဆေးရုံ၊ ကန်ဦးကျောင်း၊ ကန်စွယ်ကျောင်း၊ ရဲစခန်းနဲ့ ပါတီရုံးတွေမှာ တပ်စွဲထားပြီး ပြီးခဲ့တဲ့ရက်တွေကလည်း မြို့ပေါ်က အိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013