DVB Logo
Home
မြန်မာသတင်း
UWSA ‘ဝ’နယ်မြေ၌ ထိုင်းနိုင်ငံသား ၁၀၀ ကျော် ပိတ်မိနေ
DVB
·
November 27, 2023
UWSA ‘ဝ’နယ်မြေ၌ ထိုင်းနိုင်ငံသား ၁၀၀ ကျော် ပိတ်မိနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ထဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၂၆၆ ဦးကို အမိနိုင်ငံ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပေမဲ့ နောက်ထပ် ၁၀၀ ကျော်ကျန်ရှိနေသေးတယ်လို့ ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်းက ဖော်ပြပါတယ်။

အဆိုပါ ထိုင်း ၁၀၀ ကျော်ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ၁၀ ဦးနဲ့  UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့နယ် မိုင်းဖျန်မြို့ထဲမှာ ၁၀၀ ကျော် ရှိနေကြောင်း၊ သူတို့ကို အန္တရာယ်ကင်းစွာ ပြန်လည်ခေါ်ဆောင်ဖို့  မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ ဟတ်ဖန်းက နိုဝင်ဘာ ၂၆  မှာ သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံထဲကို ပြန်လည်ရောက်လာတဲ့ ၂၆၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ရဲ့ ဘန်ကောက် နဲ့ ချင်းရိုင်းခရိုင်ရှိ စိစစ်ရေးစခန်းမှာထားရှိပြီး သူတို့အဖြစ်အပျက်တွေကို အသေးစိတ် စစ်ဆေးမေးမြန်းရာမှာ တချို့တဝက်ပြီးဆုံးသွားပြီလို့ ဆိုပါတယ်။

စစ်ဆေးချက်အရ  လောက်ကိုင်ဒေသထဲ ဝင်သွားတဲ့ အုပ်စု ၅ စုရှိကြောင်း၊ ပထမအုပ်စုမှာ ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ၆ ဦး၊ အမည်ခံဘဏ်စာရင်း ဖွင့်ပြီး ငွေလိမ်ဂိုဏ်း (Call Center) နဲ့ ပတ်သက်သူ ၄ ဦး၊  လူကုန်ကူးခြင်းမခံရသူ ၉၈ ဦး၊ လူကုန်ကူးခြင်းခံရပြီး ဓားစာခံဖြစ်ခဲ့ရသူ  ၃၆ ဦး၊ စစ်ဆေးပြီးလို့ အိမ်ပြန်ပို့မယ့်သူ ၅၁ ဦးနဲ့ စစ်ဆေးလို့မပြီးသေးတဲ့ အုပ်စုတွေဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ကို ပြန်သွားရသူတွေအနေနဲ့ လုံးဝအပြစ်ကင်းတယ်လို့တော့ ပြောလို့မရသေးကြောင်း၊ သူတို့ဟာ ကော်လ်စင်တာငွေလိမ်ဂိုဏ်းမှာ ပါကြောင်း အလိမ်ခံရသူတွေက လာတိုင်ကြားရင် ပြန်ပြီး‌ခေါ်ယူစစ်ဆေးခံရမှာဖြစ်တယ်။

စစ်ဆေးပြီးတဲ့ထဲက ဒုစရိုက်မှုတွေနဲ့ ပါဝင်ပတ်သက်သူတွေကို အရေးယူအပြစ်ပေးမှာဖြစ်ပြီး အလိမ်ခံရသူ၊ လူကုန်ကူးခံရသူ ဓားစာခံတွေဆိုရင်တော့ လူသားရင်းမြစ် တည်တံ့ရေးနဲ့ လူမှုဖူလှုံရေးဌာနက ဂရုဏာကြေးတွေ ထောက်ပံ့ပေးမှာဖြစ်တယ်လို့  ထိုင်းဒုရဲချုပ်က ပြောသွားပါတယ်။

လောက်ကိုင်မြို့က စစ်ဘေးရှောင်တွေကို  MNDAA ကိုးကန့်တပ်ဖွဲ့က လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် ထောင်နဲ့ ချီတဲ့သူတွေဟာ ‘ဝ’ ဒေသ၊ မိုင်းလားဒေသဘက်ကနေဖြတ်ပြီး သူတို့ နေရပ်ကို အုံလိုက်ကျင်းလိုက်ပြန်လာနေကြပြီ ဖြစ်ပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ဟာ မကြာခင် လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မှာမို့ လောက်ကိုင်ထဲမှာရှိနေတဲ့ စစ်ကောင်စီ အစိုးရဝန်ထမ်းတွေအနေနဲ့   သူတို့နဲ့အတူ လာရောက်ပူးပေါင်းမယ်ဆိုရင် ရာထူးတိုးမြှင့်ပေးမယ်၊  သာမန်လူတွေကတော့ ထိခိုက်ဒဏ်ရာရတာတွေမရှိအောင် မြို့ထဲကနေ ထွက်ခွါသွားဖို့ အသိပေးထားတယ်လို့  စစ်ဘေးရှောင်လာသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်လာသူတွေကို UWSA ‘ဝ’ တပ်ဖွဲ့ ( အထူးဒေသ ၂ )နဲ့  NDAA မိုင်းလား (အထူးဒေသ - ၄) ရှိ တာဝန်ရှိသူတွေက ကားကြီးတွေနဲ့ အကြိုအပို့လုပ်ခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းတွေ ပြုလုပ်ပေးနေတယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

ပြန်လာသူတွေထဲက အများစုဟာ  မြန်မာပြည်ဒေသအသီးသီးကနေ လောက်ကိုင်မှာ အလုပ်သွားလုပ်တာဖြစ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာသူတွေဟာ လမ်း‌ဘေးနဲ့နီးတဲ့ ဘုန်းကြီး ကျောင်းတွေမှာ လာရောက်ပြီး တထောက်နားတည်းခိုခဲ့ကြောင်း၊ တာချီလိတ်မှာတော့ တရုတ်နိုင်ငံသားအများစု ရောက်ရှိနေပြီး အိမ်ခန်းငှါးခတွေလည်း ဈေးတက်နေတယ်လို့  တာချီလိတ်က ပြန်လာတဲ့ ကားမောင်းသမား ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013