
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်ရှိ မိုးဗြဲမြို့မှာ နိုဝင်ဘာ ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်စခန်းတချို့ကို လက်လွတ်ရပြီးတဲ့နောက် ကျေးရွာတွေအနီးကို မြေမြှုပ် မိုင်းတွေခင်းထားတာကြောင့် နေရပ်မပြန်ဖို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းတွေကြောင့် ပြည်သူ နှစ်ဦး ခြေထောက်တွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ထိခိုက်တာတွေလည်း ရှိခဲ့ရတယ်လို့ သိရပါတယ်။
"အခြေအနေနဲ့ အချိန်အခါကို ပြည်သူတွေ နားလည်စေချင်ပါတယ်။ ပြည်သူတွေကို ရှောင်နေကြဖို့ တိုက်တွန်းပါတယ်။ ရှောင်ဖို့အခက်အခဲရှိရင် သက်ဆိုင်ရာ ဆက်သွယ်ဖို့လည်း တိုက်တွန်းထားပြီးဖြစ်ပါတယ်"လို့ ရဲဘော်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲမြို့မှာရှိတဲ့ ဒုန်းဒူထန်ရပ်ကွက်၊ ညောင်ဝိုင်းရပ်ကွက်၊ဝါရီဆူးဖလိုင်၊ ပွဲကုန်း ၁၊ ပွဲကုန်း ၃၊ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား စတဲ့ ရပ်ကွက်တွေက စစ်တပ်စခန်း ၈ ခုနဲ့ စက်တော်ရာကုန်းကို လက်လွတ်ရပြီးတဲ့နောက် မြေမြှုပ်မိုင်းတွေထောင်ထားတာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် တိုက်ပွဲ အခြေအနေ ငြိမ်နေသေးပေမယ့် ပြည်သူတွေနေရပ်ပြန်တာ၊ နေအိမ်ပြန်ကြည့်တာ၊ သန့်ရှင်းရေးပြန်လုပ်တာတွေ မပြုလုပ်ကြဖို့ကို တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒုန်းဒူထန်ရပ်ကွက်က ပြည်သူ တဦး ခြေထောက်တဖက်ဆုံးရှုံးခဲ့ရပြီး တဦးက မျက်လုံးအနီး ထိခိုက်ဒဏ်ရခဲ့ပါသေးတယ်။
နိုဝင်ဘာ ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။