
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက အုပ်ချုပ်ရေးမှူး တယောက်အပါဝင် ဒေသခံ ၁၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာကို ညနေ ၃နာရီ လောက်က စစ်ကောင်စီတပ်သား အင်အား ၃၀ လောက် ကားနဲ့ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါဝင် ၁၆ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သဲချောင်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြောက်ကျားဝတ်စုံနဲ့ မျက်နှာဖုံးစွပ်တွေ ဝတ်ဆင်ထားပြီး ရဲတွေကတော့ ရဲဝတ်စုံဝတ်ထားပြီး မျက်နှာဖုံးမပါဘူးလို့ ဆိုပါတယ်။
သေနတ် ၇ ချက်လောက် ပစ်ဖောက်ပြီး သဲချောင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ရခိုင်လူမျိုး ၄ ယောက်၊ ကန်တော်ကြီးရပ်ကွက်ကနေ အလုပ်လာလုပ်တဲ့ ရခိုင်လူမျိုး ၂ ယောက်၊ သဲချောင်းရွာက မရမာကြီးလူမျိုး ၆ ယောက်နဲ့ မွတ်စလင် ၄ ယောက်တို့ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တွေကို ဝင်ရောက်ပြီး အိမ်ထောင်စုစာရင်း စစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့သလို ဖမ်းဆီးခံရတဲ့ သူတွေကိုတော့ ကားနဲ့တင်ပြီး ညနေ ၄ နာရီကျော်လောက်မှာ ရွာကနေ ထွက်သွားကြပြီး ဘယ်ကို ခေါ်သွားတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းကလည်း ဒေသခံပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။