
မန္တလေးတိုင်း၊ မြင်းခြံနဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တို့မှာ နိုဝင်ဘာ ၂၄ ရက်နေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ခံရလို့ ၃ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၂၄ ရက်၊ မနက်ပိုင်းက မြင်းခြံမြို့ပေါ်ကနေ ခြေဆေးကျေးရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကားတစီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းအကြီး တလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံး၊ ၃ယောက် အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း တပ်တွင်း သတင်းပေးတွေဆီရနေ သိရတယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ဘေးပတ်ဝန်ကျင်တွေကို လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ခဲ့ပြီး ခြေဆေးကျေးရွာဘက်ကို မသွားရဲတော့ဘဲ မြင်းခြံမြို့ဘက်ကို ပြန်လှည့်သွားကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ ရေစကြိုမြို့ ရုံးပေါင်းစုံ ထွေအုပ်ရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ပြောက်ကျား နည်းဗျူဟာသုံးပြီး ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ယောက်အပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့သူတွေကို ပျူစောထီးခေါင်းဆောင် မောင်မြင့်ရဲ့ ဂျစ်ကားနဲ့ ရေစကြို ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ထွေအုပ်ရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ၆၀ မမ ၇ လုံးလောက် ရမ်းကားပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။
ရေစကြိုမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခုတိုက်ခိုက်ခံရပြီး ၁၆ ယောက်သေဆုံးကာ ၅ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်တောင်ပိုင်း S YSO PDF ကနေ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။