DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာလှေစီးဒုက္ခသည်များ၏ အသက်ကယ်နိုင်ရေး အရေးပေါ်လုပ်ဆောင်ရန် ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း  
DVB
·
November 25, 2023
ရိုဟင်ဂျာလှေစီးဒုက္ခသည်များ၏ အသက်ကယ်နိုင်ရေး အရေးပေါ်လုပ်ဆောင်ရန် ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း  
Donate to DVB

ပင်လယ်ပြင်က ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေရဲ့  အသက်ကိုကယ်နိုင်ဖို့ အရေးပေါ်ကယ်ဆယ်ရေးတွေ  လုပ်ဆောင်ကြဖို့  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာ တွမ်အန်ဒရူးစ်က တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေပြီး အစားအစာ ထောက်ပံ့မှု လျှော့ချဖြတ်တောက်ခံရတာတွေ များပြားလာတာကြောင့် မျှော်လင့်ချက်မဲ့ ရိုဟင်ဂျာတွေဟာ လက်လှမ်းမီရာ ရေယာဉ်တွေမှာ လူဦးရေအဆမတန်လိုက်ပါပြီး ပင်လယ်ပြင်ကိုစွန့်စားကျော်ဖြတ်ကာ အင်ဒိုနီးရှားကို အဆက်မပြတ်ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကျွမ်းကျင်သူက နိုဝင်ဘာလ ၂၃ ရက်မှာ တိုက်တွန်း ပြောဆိုလိုက်တာပါ။

အခုလအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြောက်ဘက်အကျဆုံးဖြစ်တဲ့ အာချေးဒေသ ပင်လယ်ကမ်းခြေကို  ရိုဟင်ဂျာလှေစီးဒုက္ခသည်ပေါင်း  ၁၀၀၀ ကျော် လှေတွေနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း၊ လုံခြုံရေးနဲ့ တခြားထောက်ပံ့မှုတွေ စီစဉ်ပေးထားတဲ့ အင်ဒိုနီးရှားအစိုးရကို အန်းဒရူးစ်က ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။

ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး သူတို့ကို အာဟာရဖြည့်တင်းရေးနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။

ဒေသတွင်းက တခြားနိုင်ငံတွေကိုလည်း သူတို့နိုင်ငံရဲ့ကမ်းခြေကို ရိုဟင်ဂျာတွေ ရောက်ရှိလာတဲ့အခါ အင်ဒိုနီးရှားလို ဆိုက်ကပ်ခွင့်ပေးပြီး ကယ်ဆယ်ထား‌ပေးကြဖို့ တွန်အန်းဒရူးစ်က တိုက်တွန်းပါတယ်။

သူ့နိုင်ငံရဲ့ ဥပဒေနဲ့အညီ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကိုကာကွယ်ပေးပြီး ဆိုက်ကပ်ခွင့်ပေး ကယ်ဆယ်ပေးထားတဲ့ အင်ဒိုနီးရှားအစိုးရဟာ ဂုဏ်ပြုဖို့ထိုက်တန်တယ်လို့ တွမ်အန်းဒရူးစ်က ပြောပါတယ်။

“ဒါပေမဲ့ ဒါတွေအားလုံးကို သူတို့ချည်းသက်သက်တော့ လုပ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါဟာ အရေးပေါ်အခြေအနေဖြစ်တာကြောင့် ပင်လယ်ဖြတ်နိုင်လောက်အောင် မခိုင်မာတဲ့ လှေတွေပေါ်မှာ အဆမတန်များပြားတဲ့ ရိုဟင်ဂျာတွေလိုက်ပါပြီး ပင်လယ်ထဲမှာ မျောနေတာမျိုး ရှိနိုင်သေးတာကြောင့် စုပေါင်းပြီးရှာဖွေကယ်ဆယ်တာမျိုးလို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့လိုပါတယ်။”

မြန်မာနိုင်ငံက တရားမဝင်စစ်အာဏာရှင်တွေဖန်တီးနေတဲ့ အခြေခံအကြောင်းရင်းကို ဖြေရှင်းနိုင်ခြင်းမရှိသရွေ့တော့ ဒီပြဿနာက ပိုဆိုးလာနေမှာပဲလို့လည်း  ကုလအထူးသံတမန် တွမ်အန်းဒရူးစ်က သတိပေးခဲ့ပါတယ်။

“ရိုဟင်ဂျာတွေကို နိုင်ငံသားအနေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးတွေကို အသိအမှတ်ပြုတဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ကို မြန်မာစစ်အာဏာရှင်တွေက တားဆီးပိတ်ဆို့နေသရွေ့ ဒီပြဿနာတွေဟာ ပိုပြီးတော့ ဆိုးလာနေမှာပဲဖြစ်တယ်။ နိုင်ငံတကာ အသိုက်အဝန်းကလည်း ဒီပြဿနာရဲ့ အခြေခံဖြစ်တဲ့ မြန်မာစစ်အာဏာရှင်တွေကို လက်နက်၊ ပိုက်ဆံနဲ့ တရားဝင် အသိအမှတ်ပြုမှုတွေ မရအောင် ဝိုင်းဝန်းပိတ်ဆို့တားဆီးဖို့လိုပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံသားတွေကို ဖိနှိပ်အနိုင်ကျင့်နေတဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန့်နိုင်မှာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ကိုယ့်သဘောဆန္ဒအတိုင်း အန္တရာယ်ကင်းစွာနဲ့ လွတ်လွတ်လပ်လပ်ပြန်နိုင်တဲ့ အချိန်ရောက်လာသည်အထိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပြန်လည်နေရာချထားရေးအပါအဝင် သူတို့အတွက် ရေရှည်အဆင်ပြေမယ့် အကူအညီတွေပေးနိုင်ဖို့ လုံလောက်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ရံပုံငွေကို မ တည်စုဆောင်းထားကြရမှာဖြစ်တယ်“ လို့ သူက ပြောပါတယ်၊

အခုနှစ်အစောပိုင်းမှာ အာချေးဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို အန်းဒရူးစ်က သွားရောက်ကြည့်ရှုခဲ့ပြီး  ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ နောက်ထပ် ဒုက္ခသည်အမြောက်အမြားဟာလည်း  အခုလို အန္တရာယ်များတဲ့ ပင်လယ်ပြင်ခရီးကို စွန့်စားထွက်ခွာကြဖို့ ပြင်ဆင်နေကြကြောင်း ကြားသိခဲ့ရတယ်လို့ဆိုပါတယ်။

“အသစ်ထပ်ရောက်လာတဲ့ ရိုဟင်ဂျာတွေအတွက် နေစရာတွေ ဖန်တီးပေးတာအပါအဝင် ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေး အေဂျင်စီတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ကူညီပေးထားဖို့ အင်ဒိုနီးရှားအာဏာပိုင်တွေကို တောင်းဆိုပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူကုန်ကူးခြင်းခံရဖို့ အန္တရာယ်များတဲ့ အားနည်းသူတွေကို ဦးစားပေးပြီး ကူညီမှုတွေ ဆောင်ရွက်ပေးသင့်တယ်” လို့ အန်ဒရူးစ်က ပြောပါတယ်။

ဒီလောက် လူအဆမတန်ပါလာတဲ့ လှေတွေပေါ်ကို သူတို့ကလိုက်ချင်လွန်းလို့ တက်လာကြတာမဟုတ်ဘဲ တခြားရွေးချယ်စရာလမ်းမရှိလို့သာ မျှော်လင့်ချက်မဲ့လွန်းလို့ တက်ရောက်လိုက်ပါလာကြတာဖြစ်တယ်၊ တချို့နိုင်ငံတွေမှာ ဖြစ်ဖူးခဲ့သလို ရိုဟင်ဂျာတွေကို လက်မခံဘဲ သူတို့လိုက်ပါလာတဲ့ လှေတွေ ပင်လယ်ထဲပြန်တွန်းလွှတ်တာမျိုး ဘယ်နိုင်ငံကမှ မလုပ်သင့်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013