DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီး၊ ကော့ကရိတ်နှင့် လားရှိုးတွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံး
DVB
·
November 25, 2023
ကျောက်ကြီး၊ ကော့ကရိတ်နှင့် လားရှိုးတွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၃ ယောက် ထိမှန် ဒဏ်ရာရပြီး လားရှိုးမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၁ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

လားရှိုးမြို့နယ်၊ မန်ဖတ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၇ နာရီလောက်မှာ လက်နက်ကြီးနဲ့ ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်ဆီကနေ သိရပါတယ်။

အဲဒါကြောင့် မန်ဖတ်ကျေးရွာ ဒေသခံ အမျိုးသား ၁ ယောက် ကျည်ထိမှန်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ ညနေ  ၄ နာရီလောက်မှာလည်း မူဆယ်မြို့နယ် ၁၀၅ မိုင်တပ်စခန်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ နမ့်အွမ်ကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ကလည်း သီပေါမြို့တပ်စခန်းကနေ ကျင်သီတံတားကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ စံဖိတ်ကျေးရွာနဲ့ ရွာအပြင်က လယ်ကွက်ထဲကို ကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးပြီး အမျိုးသား ‌၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့အချိန်ကနေ နိုဝင်ဘာ ၂၃ ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အရပ်သားတွေရှိရာကို ပစ်ခတ်တာကြောင့် အရပ်သားဒေသခံ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် ၁၄ ယောက် အပါအဝင် ၆၀ ကျော် သေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေကို နိုဝင်ဘာ ၂၄ ရက် မနက် ၁၁ နာရီလောက်ကစတင်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၃ ယောက် ထိမှန် ဒဏ်ရာရပြီး နေအိမ် ၇ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၃ နယ်မြေအတွင်းက ဒေါင်းမို့ကျေးရွာ၊ ဝါးပင်စုကျေးရွာနဲ့ တောကြောင်ပေါက်ကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် မောင်ခိုင်လေး၊ ၂၇ နှစ်အရွယ် မခင်ယုမေနဲ့ အသက် ၆၀ အရွယ် ညားဒါမူးတို့ ကျည်စမှန် ဒဏ်ရာရခဲ့တာပါ။

ဒါ့အပြင် နိုဝင်ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကော့ကရိတ်မြို့နယ်၊ ကော့ဖောင်း ကျေးရွာထဲကို စစ်ကောင်စီတပ်က မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ဥယျာဉ်ခြံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

တံတားကျိုးကျေးရွာထဲကို ဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ ခလရ−၂၃၁ တပ်ရင်းက မစ်ဇိုင်းဒုံးကျည် ၅ လုံးပစ်ခတ်ခဲ့ရာမှာ ၃ လုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၂ လုံးထိမှန်ပျက်စီးပြီး ဥယျာဉ်ခြံအတွင်းက သီးနှံပင်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းလောက်မှာလည်း စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ အမြောက်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကော့ကရိတ်မြို့၊ တံတားဦး ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၂ ယောက်သေဆုံးခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုတွေက နေ့တိုင်းရှိတယ်လို့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013