DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီအနေဖြင့် ILO ၏ အပြင်းထန်ဆုံး အရေးယူမှု ခံရနိုင် 
DVB
·
November 23, 2023
စစ်ကောင်စီအနေဖြင့် ILO ၏ အပြင်းထန်ဆုံး အရေးယူမှု ခံရနိုင် 
Donate to DVB

စစ်ကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ စွပ်စွဲချက်တွေဖြစ်တဲ့ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့် ချိုးဖောက်တာ၊ အဓမ္မစေခိုင်းတာတွေနဲ့ပတ်သက်လို့ ခုခံချေပဖို့ ကြိုးစားနေပေမဲ့  ထိရောက်မှုမရှိဘဲ ပြင်းထန်တဲ့အရေးယူမူနဲ့ပဲ ကြုံရဖို့ရှိနေတယ်လို့ ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

​မြန်မာနိုင်ငံမှာ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနဲ့ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ထားတယ်ဆိုပြီး အောက်တိုဘာလဆန်းမှာ ထွက်ရှိခဲ့တဲ့ ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်း စစ်ဆေးရေးကော်မရှင် (COI) အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ COI အစီရင်ခံစာပါအချက်တွေကို လက်ခံ၊ မခံဖြေရှင်းချက်ပေးဖို့ ILO ဘက်က အချိန် ၃ လပေးထားပြီး တုံ့ပြန်မူမရှိရင် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီ လွှဲပြောင်းပေးရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

ILOရဲ့ ထုတ်ပြန်ချက်ဟာ အချိန် နှစ်လနီးပါးရှိလာပြီဖြစ်ပေမဲ့ စစ်ကောင်စီအနေနဲ့ COI အစီရင်ခံစာအပေါ်  အခုအချိန်အထိ ပြန်လည်တုံ့ပြန်တာမရှိသေးပါဘူး။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “စကစ အနေနဲ့ ICJ လမ်းကြောင်းကိုတော့ ရွေးမှာမဟုတ်ဘူး။ တုံ့တော့ တုံ့ပြန်လိမ့်မယ်။ အဲဒီအတွက် အချိန်ယူပြင်ဆင်နေပုံရတယ်။ သူတို့ ဘယ်လိုပဲ ပြင်ဆင်ပြင်ဆင် အလုပ်ဖြစ်မှာမဟုတ်ဘူး”လို့  ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ COI ရဲ့အစီရင်ခံစာကို ပြန်လည်တုံ့ပြန်ဖို့ တုံ့ပြန်ရေးကော်မတီ နှစ်ရပ်ကို ကြိုတင်ဖွဲ့စည်းထားတာ ရှိပါတယ်။

အဲဒါကြောင့် စစ်ကောင်စီဘက်က ရသလောက် လိမ်လည်အကြောင်းပြချက်တွေပေးပြီး ပြန်လည်တုံ့ပြန်နိုင်ပေမဲ့  ထိရောက်မှုတော့ရှိမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတဦးက ဆိုပါတယ်။

“COI Report က မြေပြင်အခြေအနေနဲ့ နီးစပ်ခိုင်မာမှုရှိတဲ့အတွက် စကစ ဘယ်လိုမှဖြေ ရှင်းနိုင်မှာမဟုတ်ဘူး။ ILO ရဲ့ အရေးယူမှုကနေ ဘယ်လိုမှ ရှောင်လွှဲမရဘူး။ ILO အနေနဲ့ ဘယ်လောက်ထိအရေးယူမလဲဆိုတာကိုပဲ ကျနော်တို့ စောင့်ကြည့်နေတာ။ အပြင်းထန်ဆုံး အရေးယူမှု ဖြစ်လာမယ်လို့တော့ ထင်တယ်။”

စစ်ကောင်စီရဲ့ COI အပေါ် တုံ့ပြန်ရေးကော်မတီရဲ့လုပ်ငန်းစဥ်မှာ ILO ရဲ့အရေးယူမှုအပေါ် ရိုက်ခက်လာမယ့် စီးပွားရေးထိခိုက်မှုကို ကုစားဖို့ ကြိုတင်ပြင်ဆင်ရေးဆိုတဲ့ အချက်ထည့်သွင်းထားတာကြောင့် ရှုံးနိမ့်အရေးယူခံရမှာကို တွက်ဆထားပြီးဖြစ်မယ်လို့ ယူဆရတယ်လို့   MICS-TUsF တာဝန်ရှိသူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ဒီမိုကရေစီ ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်သူတွေကို နှိမ်နင်း ဖိနှိပ်မှုတွေ ပြုလုပ်ပြီးတဲ့နောက်  ILOအုပ်ချုပ်မှု အဖွဲ့စုံစမ်းစစ်​ဆေး​ရေးကော်မရှင်ကို ၂၀၂၂  ခုနှစ် မတ်လမှာ  ဖွဲ့စည်းလိုက်တာပါ။

အလုပ်သမားသမဂ္ဂ ခေါင်းဆောင်​တွေကို အကြမ်းဖက်တာ၊ အခြေခံပြည်သူ့အခွင့်အရေး​တွေကို ပြင်းထန်စွာနဲ့ ထပ်ဖန်တလဲလဲချိုးဖောက်တာ၊ အဓမ္မအလုပ်ခိုင်းစေမှုတွေ ပြန်လည်ဖြစ်ပွားလာတဲ့ အပေါ် အစီရင်ခံစာကို အကဲဖြတ် ချင့်တွက်ဖို့ ILO အုပ်ချုပ်ရေးအဖွဲ့က တာဝန်ပေးခဲ့ပါတယ်။

COI ရဲ့အစီရင်ခံစာမှာလည်း မြန်မာစစ်ဘက် အာဏာပိုင်​တွေက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို ပုံစံမျိုးစုံနဲ့ အကြမ်းဖက်​နေတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ တခြားလူမဆန်စွာ ပြုမူနေတာတွေကို ချက်ချင်းရပ်တန့်ဖို့၊  ပုံစံမျိုးစုံနဲ့ အဓမ္မလုပ်အား ဒါမှမဟုတ် မလုပ်မနေရ အလုပ်ခိုင်းစေတာ​တွေကို အဆုံးသတ်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မစေခိုင်းမှု ပြဋ္ဌာန်းချက်နှစ်ခုကို စံတင်လောက်အောင် ချိုးဖောက်နေမှုကို ရပ်တန့်ဖို့၊ နောက်ထပ် နှိပ်စက်ညှဉ်းပန်းမှုတွေကို တားဆီးပြီး ချက်ချင်း အရေးယူဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်း ပါတယ်။

စစ်ကောင်စီအနေနဲ့ ILO ပြဋ္ဌာန်းချက်နှစ်ရပ် ချိုးဖောက်မှုအပေါ် ပြန်လည်တုံ့ပြန်ဖို့အချိန် တလကျော်သာ ကျန်ရှိတော့ပြီး အရေးယူခံရမှုကတော့ မဖြစ်မနေကြုံရမယ့် အခြေအနေ ဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013