DVB Logo
Home
မြန်မာသတင်း
ရုပ်သံနှင့် မီဒီယာလုပ်ငန်းကို စစ်ကောင်စီက ပိုမိုတင်းကျပ်ထိန်းချုပ်သည့်အပေါ်  RSF ရှုတ်ချ
DVB
·
November 23, 2023
ရုပ်သံနှင့် မီဒီယာလုပ်ငန်းကို စစ်ကောင်စီက ပိုမိုတင်းကျပ်ထိန်းချုပ်သည့်အပေါ်  RSF ရှုတ်ချ
1 / 2
Donate to DVB

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်တဲ့လုပ်ငန်းတွေ အပါအဝင် မီဒီယာလုပ်ငန်းတွေအပေါ် ထိန်းချုပ်မှုတွေ ပိုမိုတင်းကျပ်ပြုလုပ်နေတဲ့ မြန်မာစစ်အာဏာရှင်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က  ထုတ်ပြန်ပါတယ်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပ‌ဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၃)ကို အာဏာ သိမ်းစစ်ခေါင်းဆောင်ရဲ့ အမိန့်နဲ့ နိုဝင်ဘာ ၁၆ ရက်မှာ အတည်ပြုပြဋ္ဌာန်းလိုက်ပြီး  စစ်ကောင်စီက ရုပ်သံမီဒီယာတွေကို ပိုမိုထိန်းချုပ်လိုက်တဲ့အပေါ်  RSF က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေအရ စစ်အာဏာရှင်အဖွဲ့ဝင်တွေဟာ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်တာတွေကို ကြီးကြပ်ရတဲ့ ရုပ်မြင်သံကြားနှင့် အသံလွှင့် ကောင်စီရဲ့  အုပ်ချုပ်ရေး အဖွဲ့ထဲမှာ  အလိုအလျောက်ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကောင်စီအနေနဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းအဖြစ် ရပ်တည်ခွင့်မရတော့ဘဲ   မြန်မာစစ်အာဏာရှင်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်ကို ဩဇာခံအဖြစ် လုံးဝရောက်ရှိသွားမယ့် သဘော ဖြစ်ပါတယ်။

စစ်ကောင်စီဩဇာခံ ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီအနေနဲ့  ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ အကြောင်းအရာ အချက်အလက်တွေကို ကြီးကြပ်စီမံဆောင်ရွက်ရမှာ ဖြစ်ပြီး ကောင်စီမှာ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ၉ ဦးထက်မပို ပါရှိရမယ်လို့ ဆိုပါတယ်။

ဒီဥပဒေဟာ စစ်အာဏာသိမ်းကာလအပြီး ကျင်းပမယ့် ရွေးကောက်ပွဲကနေ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးတဲ့နေ့အထိ အာဏာတည်ရမယ်လို့ ဆိုပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး RSF ရဲ့ အာရှ-ပစိဖိတ်ဒေသ ဒါရိုက်တာ စီဒရစ်အယ်လ်ဗီရာနီက  “ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် မြန်မာစစ်ကောင်စီဟာ သတင်းမီဒီယာလုပ်ငန်းတွေအပေါ် အပြည့်အဝထိန်းချုပ်နိုင်ရေးမှာ နောက်ဆုံးကျန်နေတဲ့ အတားအဆီးတစ်ခုကို ဖယ်ရှားလိုက်တာပါပဲ။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးတည်းက စစ်ကောင်စီရဲ့ မီဒီယာတွေအပေါ် တင်းတင်းကျပ်ဖိနှိပ်လာနေတဲ့ ဆောင်ရွက်ချက်တွေကို ရပ်တန့်စေရေးနဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ကာကွယ်သူ ၆၈ ယောက်ကို ပြန်လွှတ်ပေးဖို့အရေး နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝိုင်းဝန်းဖိအားပေးကြဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ အတည်ပြုထားတဲ့ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေမှာ ရုပ်မြင်သံကြားနှင့်အသံလွှင့်ကောင်စီကို ဖွဲ့စည်းပြီး သီးခြားလွတ်လပ်တဲ့ အာဏာပိုင် တစ်ယောက်/တစ်ဖွဲ့က နိုင်ငံတွင်း ရုပ်မြင်သံကြားနဲ့ ရေဒီယိုထုတ်လွှင့်ခြင်းတွေကို ကြီးကြပ်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာတော့ မြန်မာစစ်အာဏာရှင်တွေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ထိန်းချုပ်ခဲ့တာဖြစ်ပြီး ဒီဗွီဘီအပါအဝင် မီဒီယာလုပ်ငန်းအများအပြားရဲ့ လိုင်စင်တွေ ရုပ်သိမ်းခံခဲ့ရသလို သတင်းထောက်တွေ  ရာနဲ့ချီ ဖမ်းဆီးခဲ့ရပြီး  အနည်းဆုံး သတင်းထောက် ၄  ယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။

နိုင်ငံပေါင်း ၁၈၀ ပါဝင်တဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ ကမ္ဘာ့ သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းစာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇၃ မှာရှိနေပြီး တရုတ်နိုင်ငံ ပြီးရင် ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးမှုအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013