DVB Logo
Home
အားကစား
မြောက်ကိုရီးယားက မြန်မာအသင်းကို ( ၆-၁) ဂိုးဖြင့်အနိုင်ရ
DVB
·
November 21, 2023
မြောက်ကိုရီးယားက မြန်မာအသင်းကို ( ၆-၁) ဂိုးဖြင့်အနိုင်ရ
Donate to DVB

ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) ဒုတိယအဆင့်၊ ဒုတိယ‌မြောက် အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ မြောက်ကိုရီးယားတို့ဟာ နိုဝင်ဘာ ၂၁ ရက် ဒီနေ့ညနေ ၄ နာရီခွဲမှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ယဉ်ပြိုင်ကစားရာမှာ မြောက်ကိုရီးယားက မြန်မာအသင်းကို ( ၆-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ မြောက်ကိုရီးယားက အိမ်ရှင်မြန်မာအသင်းကို ခြေအသာနဲ့ ကစားသွားခဲ့ပြီး ပထမပိုင်းမှာ ၃ ဂိုး ဒုတိယပိုင်းမှာ ၃ ဂိုး စုစုပေါင်း ၆ ဂိုးသွင်းယူပြီး အနိုင်ရသွားတာဖြစ်ပါတယ်။

မြန်မာအသင်းမှာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားတွေဖြစ်တဲ့ အောင်သူ၊ သန်းပိုင်၊ မောင်မောင်လွင်၊ ကျော်မင်းဦး စတဲ့ကစားသမားတွေ ပါဝင်ကစားခဲ့ကြတာဖြစ်ပြီး  မြန်မာအသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ လူစားဝင်ကစားသမား  လူငယ် တိုက်စစ်မှူး ဝင်းနိုင်ထွန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဂျပန်နဲ့ပွဲက လူစာရင်းကနေ ၄ ဦး အပြောင်းအလဲပြုလုပ်ကာ ယှဉ်ပြိုင်ခဲ့ပြီး မြောက်ကိုရီးယားတိုက်စစ်ကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် ဂိုးများသွားခဲ့တာပါ။

ပွဲချိန်မိနစ် ၃၀မှာ ခံစစ်မှူးနဲ့ ဂိုးသမားတို့ရဲ့ ဖျက်ထုတ်ပုံမသေသပ်မှုကနေ ဦးဆောင်ဂိုးစတင်ပေးခဲ့ရပြီး နောက်ထပ် ၄ မိနစ်အကြာမှာ ပင်နယ်တီ ပေးခဲ့ရလို့ ဒုတိယဦးဆောင်ဂိုးပေးခဲ့ရပါတယ်။ အဲဒီနောက် ၃၈ မိနစ်၊ ၅၄ မိနစ်၊ ၅၆မိနစ်၊ မိနစ်၇၀ တွေမှာ ဦးဆောင်ဂိုးတွေထပ်ပေးခဲ့ရပြီး ပွဲချိန် ၇၇မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ချေပဂိုး တစ်ဂိုးပြန်သွင်းပါတယ်။

မြန်မာလက်ရွေးစင်အသင်းအနေနဲ့ ဂျပန်နဲ့ပွဲက လိုမဟုတ်ဘဲ မတူညီတဲ့ပုံစံမျိုးနဲ့ မြောက်ကိုရီးယားအသင်းနဲ့ ပွဲစဉ်မှာ အမှတ်ရအောင် ကစားသွားမယ်လို့ မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက မနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ  ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာလက်ရွေးစင်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်နိုင်ငံမှာ သွားရောက် ကစားခဲ့ရာမှာ ဂျပန်အသင်းကို ၅ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အခု မြောက်ကိုရီးယားကိုလည်း (၆-၁ )ဂိုးနဲ့  ထပ်မံရှုံးနိမ့်ခဲ့တာပါ။

ဒီပွဲအရှုံးကြောင့် မြန်မာအသင်းက အုပ်စုပွဲစဉ် ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ ရမှတ်မရရှိသေးဘဲ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။  မြန်မာအသင်းအနေနဲ့ အုပ်စု တတိယ ပွဲစဉ်အဖြစ် ဆီးရီးယားအသင်းနဲ့ အိမ်ကွင်းမှာ လာမယ့် ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့ ပြန်လည်ကစားရမှာ ဖြစ်ပါတယ်။

Photo - MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013