
လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ဓာတ်ဆီကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ ဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဆီဆိုင်တွေကနေ အကန့်အသတ်နဲ့ပဲတန်းစီစနစ်နဲ့ရောင်းချခဲ့ပြီး ဒီနေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့မှ ဝယ်ယူလို့ရတာဖြစ်ပါတယ်။
သံတွဲဒေသခံတယောက်က “ဒီနေ့မှ ဒီစနစ်ကို စ တာ။ ရပ်ကွက်တိုင်းမှာတော့ ထောက်ခံစာမပေးသေးဘူး။ သူ သတ်မှတ်တဲ့ရက်နဲ့ ပေးတာ။ အရင်ရက်တွေက တန်းစီရင် ဆီရတယ်။ ခုကတော့ ထောက်ခံစာယူသွားပြီး တန်းစီရတယ်။ တခု ကောင်းတာက အကန့်အသတ်နဲ့ဖြစ်သွားတော့ ပိုပြီးလည်း မျှမျှတတဖြစ်သွားသလို ဆိုင်တွေမှာရှိနေတဲ့ဆီတွေ ရက်ကြာကြာရောင်းလို့ရနိုင်တာပေါ့” လို့ ပြောပါတယ်။
ရပ်ကွက်ထဲက လမ်းတွေကို မနက်နဲ့နေ့လယ်ခွဲပြီး ဆီဝယ်ခွင့်လက်မှတ် ထုတ်ပေးတာ ဖြစ်သလို ရပ်ကွက်အလိုက်လည်း ဝယ်ယူရမဲ့ဆီဆိုင်တွေကို သတ်မှတ်ပေးထားတယ်လို့ သူက ဆိုပါတယ်။
ပြီးတော့ တချို့ရပ်ကွက်တွေမှာတော့ ဒီလက်မှတ်ယူရင် ငွေပေးရတယ်လို့လည်း ပြောပါတယ်။
ဆိုင်ကယ်တွေကို 92 နဲ့ 95 ကြိုက်ရာဓာတ်ဆီ ၄၀၀၀ ဖိုး၊ တုတ်တုတ် သုံးဘီးတွေကို ၆၀၀၀ ဖိုးနဲ့ ကားတွေအတွက်တော့ ကျပ် ၁ သောင်းဖိုးဝယ်လို့ရတယ်လို့ သိရပါတယ်။
သံတွဲ ဒေသခံတယောက်က “သံတွဲမြို့ပေါ်နဲ့ ရွာတွေကို လာတဲ့လမ်းတွေ ပိတ်ထားလို့ ရွာကလူတွေအတွက်တော့ ဆီဝယ်ရတာခက်နေတုန်းပဲ။ သူတို့ဂိတ်တွေမှာ ပြောဆိုပြီး လာကြရတာပေါ့။ ပြီးတော့ ဆီဆိုင်တွေက မြို့နားမှာပဲရှိတော့ ဆီဝယ်ပြီး ပြန်ရင်တောင် ရတဲ့ဆီ ကုန်သလောက်ဖြစ်နေပြီ။ ကြာရင်တော့ မလွယ်ဘူး” လို့ ပြောပါတယ်။
ဒီဇယ်ဆီကတော့ လက်ရှိမှာ ဝယ်ယူရတာအဆင်ပြေနေသေးပေမဲ့ ဘယ်တော့ ပြတ်သွားမယ် မသိတာကြောင့် ဒီဇယ်ဆီသုံးရတဲ့ လုပ်ငန်းသမားတွေလည်း ချွေတာ သုံးစွဲနေရတယ်လို့ သူက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကို ရက္ခိုင့်တပ်တော် အေအေက စတင်တိုက်ခိုက်တဲ့ နေ့မှာပဲ ရခိုင်တပြည်နယ်နဲ့ ပြည်မကို အဝင်အထွက်လုပ်တဲ့ လမ်းကြောင်းဂိတ်တွေကို စစ်တပ်က ပိတ်ဆို့ခဲ့တာကြောင့် အခုလို အခြေခံကုန်ပစ္စည်းတွေ ပြတ်လပ်လာနေတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ရခိုင်ပြည်အဝင်ဂိတ်တွေမှာ ပိတ်ဆို့ခံထားရတဲ့ ကုန်တင်ကားတွေထဲက တရက်ကို ၂ စီး၊ ၃ စီးလောက် လွှတ်ပေးနေပေမဲ့ မြို့ရဲ့ ဝယ်လိုအားနဲ့ မမျှတာကြောင့် တချို့ စားသုံးကုန်တွေ ဈေးနှုန်း အဆမတန် မြင့်တက်နေတယ်လို့လည်း သံတွဲမြို့ခံတွေက ပြောပါတယ်။










