DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ကောင်စီ အဆုံးအဖြတ်တိုက်ပွဲများ ရင်ဆိုင်နေရပြီဟု နိုင်ငံတကာ လေ့လာသူများ သုံးသပ်
DVB
·
November 20, 2023
မြန်မာစစ်ကောင်စီ အဆုံးအဖြတ်တိုက်ပွဲများ ရင်ဆိုင်နေရပြီဟု နိုင်ငံတကာ လေ့လာသူများ သုံးသပ်
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာစစ်ကောင်စီဟာ အဆုံးအဖြတ်တိုက်ပွဲတွေကို ရင်ဆိုင်နေရပြီဖြစ်ကြာင်း နိုင်ငံတကာ လေ့လာသူတွေ သုံးသပ်ပါတယ်။ 

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးတပ်ဖွဲ့တွေရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာစစ်ကောင်စီဟာ အဆုံးအဖြတ်တိုက်ပွဲတွေကို ရင်ဆိုင်နေရပြီလို့ အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ မြန်မာနိုင်ငံဆိုင်ရာ ဘားမားပရိုဂရမ် ဒါရိုက်တာ ဂျေဆင်တာဝါက နိုဝင်ဘာလ ၁၆ ရက်နေ့မှာ  သုံးသပ် ပြောဆိုခဲ့ပါတယ်။

“မြန်မာစစ်တပ်ဟာ ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်တော့ပါဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ အခြေအနေတစ်ခုမှာ သူ လွှမ်းမိုးအုပ်ချုပ်ထားတဲ့ နယ်မြေတွေ အတော်များများကို ခွဲပေးရမလား၊ ဒါမှမဟုတ် အဲဒီထက်ပိုပြီးတော့ကို အများကြီး လက်လျှော့ပေးရမလား တစ်ခုခုတော့ သေချာသလောက်ပါပဲ။ အဲဒါကြောင့် အခုချိန်မှာ မြန်မာစစ်တပ်ဟာ အဆုံးအဖြတ်ပဋိပက္ခတွေကို ရင်ဆိုင်နေရတယ်လို့ ထင်ပါတယ်။”

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မြန်မာစစ်တပ်ဟာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ ကယားပြည်နယ် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ် အနောက်ပိုင်းတွေမှာ လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။

စစ်ဘက်ဆိုင်ရာစခန်းတချို့က လူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပြီး တော်လှန်ရေးသမားတွေက စစ်စခန်းတွေပေါ်ကို ရာနဲ့ချီတဲ့ ဒရုန်းတွေနဲ့  ဗုံးတွေကြဲချခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်ဟာ တိုင်းရင်သားလက်နက်ကိုင်တွေနဲ့ တခြားတော်လှန်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့တာဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာ သိမ်းလိုက်ပြီးနောက်မှာတော့ မြို့ရွာအရပ်ရပ်က ဒီမိုကရေစီအရေးဘက်တော်သားတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ စုရုံး ပေါင်းစည်းသွားခဲ့ကြပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းမြောက်မှာ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာစစ်တပ်အတွက် အထိနာစေတဲ့ ရိုက်ချက်ဖြစ်စေခဲ့တယ်လို့ ဒါရိုက်တာ ဂျေဆင်တာဝါ က ပြောပါတယ်။

“တရုတ်-မြန်မာနယ်စပ်က အဓိကမြို့တစ်မြို့ ဖြစ်တဲ့ ချင်းရွှေဟော်နဲ့ နောက်ထပ်မြို့ငယ်တစ်ခုဖြစ်တဲ့ ကွမ်းလုံတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ပြီး အုပ်ချုပ်ထားနိုင်ပြီဆိုတာဟာ တော်တော်ကို ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ မြန်မာစစ်တပ်ဟာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးအပေါ်မှာ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ ဒါဟာ မြန်မာစစ်တပ်အတွက် တော်တော်လေးကို အထိနာစေတဲ့ ရိုက်ချက်ဖြစ်ပါတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ ၂၁ ရက်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်း အသေးအကြီး စုစုပေါင်း ၁၅၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး  ရခိုင်ပြည်မှာလည်းတိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်ဟာ စခန်းပေါင်း ၄၀ လောက်ကို စွန့်လွှတ်ခဲ့ရပြီလို့ AA က ပြောထားတာပါ။

ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိန္ဒိယထဲကို ပြေးဝင်ခိုလှုံခဲ့တဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ အပါအဝင် အတိုက်အခံတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှု ရရှိရေးတိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ နောက်ထပ် ဒုက္ခသည်တွေ ၂ သိန်းလောက်အထိ တိုးလာတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

 ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013