
ရခိုင်ပြည်နယ်မှာ ပြည်နယ်တွင်းရော ပြင်ပကိုပါ ကုန်းလမ်း ရေလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး စစ်တွေမြို့မှာ အဝေးသင်စာမေးပွဲဖြေဆိုဖို့ ရောက်ရှိနေတဲ့ ကျောင်းသား ကျောင်းသူတွေ နေရပ်ပြန်နိုင်ဖို့အတွက် နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ကုန်းလမ်း၊ ရေလမ်းကို ဖွင့်ပေးသွားမယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့မှာ စစ်တွေတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေအနေနဲ့ အဝေးသင်စာမေးပွဲ ဖြေဆိုပြီးမြောက်သွားပြီဖြစ်တဲ့အတွက် မိမိတို့ နေရပ်ပြန်နိုင်ဖို့ သမဂ္ဂ အဖွဲ့ဆီ ဆက်သွယ်စာရင်းပေးနိုင်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကလည်း လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
နေရပ်ပြန်မယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ သက်ဆိုင်ရာမေဂျာက တာဝန်ရှိဆရာ ဆရာမတွေ ဖုန်းနံပါတ်ယူထားကြဖို့၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့ကို ကုန်းလမ်းကနေ ပြန်မယ့်သူတွေအနေနဲ့ တက္ကသိုလ်က ထောက်ခံချက်ရယူပြီးမှ သွားကြဖို့နဲ့ ကျောင်းကပေးတဲ့ ထောက်ခံစာနဲ့ ကျောင်းသားကဒ်တွေကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရမ်းဗြဲမြို့နယ်ကို ပြန်မယ့် အဝေးသင်ကျောင်းသူ တယောက်က “အမြန်ရေယာဉ်နဲ့ ပြန်မယ့်သူတွေကို ရွှေပြည်တန်အမြန်ရေယာဉ်နဲ့ ကစ္ဆပနဒီအမြန်ရေယာဉ်နဲ့ ပြန်နိုင် တယ်။ ကုန်းလမ်းပြန်သူတွေကိုတော့ ဂစ္ဆပကားနဲ့ ပြန်နိုင်တယ်ဆိုပြီး သတ်မှတ် ပေးထားတယ်။
လက်မှတ်တွေကိုလည်း တက္ကသိုလ်ထဲက အဝေးသင်ဌာနမှာဘဲ ဝယ်ယူရမှာပါ” လို့ ပြောပါတယ်။
နေရပ်ပြန်ကြမယ့် စစ်တွေတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ထောက်ခံစာနဲ့ လက်မှတ်တွေကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ နောက်ပိုင်းကစပြီး စစ်တွေတက္ကသိုလ်အဝေးသင်ဌာနမှာ ဝယ်ယူနိုင်ကြောင်း သိရပါတယ်။
ဒါပေမဲ့ မောင်တာမြို့ကနေ အဝေးသင်သွားတက်နေသူတွေကတော့ ပြန်လာဖို့ အခက်တွေ့နိုင်တယ်လို့ မောင်တောဒေသခံ စစ်ရေးလေ့လာသူတွေက ပြောတယ်။
စစ်ရေးလေ့လာသူတယောက်က “တခြားမြို့တွေထက် မောင်တောမြို့နယ်က ကျောင်းသားတွေ အိမ်ပြန်ဖို့အခက်တွေ့မှာဗျ။ နိုင်ဝင်ဘာ ၁၆ ရက် ညကတည်းက သင်တန်းတက်ပြီး ပြန်လာကြတဲ့ ဆရာ ဆရာမ ၁၃၁ ဦးတောင် ဒီနေ့ နိုဝင်ဘာ ၁၈ ရက်နေ့အထိ မောင်တောကို မရောက်နိုင်ကြသေးဘူးဗျ။ စစ်ဗျူဟာက လုံးဝကို သွားခွင့်မပြုတာ” လို့ ပြောပါတယ်။
မောင်တောမြို့နယ်ကနေ စစ်တွေမှာ စနစ်သစ်သင်ရိုးသင်တန်း သွားတက်ပြီး ပြန်လာကြတဲ့ ဆရာ၊ ဆရာမ ၁၃၁ ယောက်ဟာ ဒီနေ့အထိ ဘူးသီတောင်မှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားတယောက်က “တက္ကသိုလ်က လက်မှတ်ခံပြီး ရသေ့တောင် အထိကတော့ ရွှေပြည်တန်အမြန်ရေယာဉ်နဲ့ လာလို့ရမယ်။ ဘူးသီးတောင်နဲ့ မောင်တော က ကျောင်းသား၊ ကျောင်းသူတွေက ပြည်တွင်းရေကြောင်းသင်္ဘောနဲ့ လာကြရမှာဗျ” လို့ ပြောပါတယ်။
စစ်တွေတက္ကသိုလ်မှာ ရခိုင်ပြည်တောင်ပိုင်း၊ မြောက်ပိုင်းဒေသ မြို့နယ်အားလုံးလိုလိုက အဝေးသင်စာမေးပွဲဖြေဆိုဖို့ ရောက်ရှိနေကြတာဖြစ်ပြီး စာမေးပွဲပြီးလို့ ပြန်ဖို့အတွက် အခက်ကြုံနေကြတာဖြစ်ပါတယ်။










