DVB Logo
Home
မြန်မာသတင်း
တန်ဆောင်တိုင်ပိတ်ရက်အတွက် အထူးရထားပြေးဆွဲမည်
DVB
·
November 18, 2023
တန်ဆောင်တိုင်ပိတ်ရက်အတွက် အထူးရထားပြေးဆွဲမည်
Donate to DVB

လာမယ့် တန်ဆောင်တိုင်ပိတ်ရက် နိုဝင်ဘာ ၂၄ ရက်ကနေ ၂၇ ရက် အတွင်း ရထားစီနင်းသူတွေအဆင်ပြေအောင် အထူးရထားခရီးစဉ်တချို့ပြေးဆွဲသွားမယ်လို့ မီးရထားဝန်ထမ်းတွေဆီက သိရပါတယ်။

ပြေးဆွဲသွားမယ့် အထူးရထားခရီးစဉ်တွေကတော့ ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန် တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မော်လမြိုင်ဘူတာကြီးက မီးရထားဝန်ထမ်းတယောက်က “တန်ဆောင်တိုင် ပိတ်ရက် မှာလည်း သီတင်းကျွတ်လိုပဲ အထူးရထားပြေးဆွဲသွားမှာပါ။ သီတင်းကျွတ် ပိတ်ရက်တုန်းက ပြေးဆွဲတာ ခရီးသွားတွေလည်း အဆင်ပြေပြီး ရထားလက်မှတ် ရောင်းမလောက်ထိဖြစ်တော့ တန်ဆောင်တိုင်မှာ ထပ်ပြေး‌ဆွဲတာ ဖြစ်ပါတယ်။ ပြေးဆွဲမယ့် အချိန်ဇယားက ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ” လို့ ပြောပါတယ်။

လက်မှတ်ခတွေကတော့ ရန်ကုန်-နေပြည်တော်နဲ့ နေပြည်တော်-ရန်ကုန် ခရီးစဉ်အတွက် ရိုးရိုးတန်း ကျပ် ၂,၈၀၀၊ အထက်တန်း ကျပ် ၅,၆၀၀၊ ရန်ကုန်-မော်လမြိုင်နဲ့ မော်လမြိုင်-ရန်ကုန် ခရီးစဉ်အတွက် ရိုးရိုးတန်း ကျပ် ၃,၅၅၀ ကျပ်၊ အထက်တန်းအတွက် ကျပ် ၇,၀၅၀၊ ရန်ကုန်-ပြည်နဲ့ ပြည်-ရန်ကုန် ခရီးစဉ်အတွက် ရိုးရိုးတန်း ကျပ် ၁,၈၀၀ တို့ ဖြစ်ပါတယ်။

တန်ဆောင်တိုင်ပိတ်ရက်ကာလမှာ အထူးရထားတွေပြေးဆွဲတာဟာ ခရီးသွားတွေ အတွက် အဆင်ပြေနိုင်တယ်လို့ မီးရထားနဲ့ အမြဲခရီးသွားသူ မော်လမြိုင်ဒေသခံ တယောက် ပြောပါတယ်။

"ခရီးသွားများတဲ့ ပိတ်ရက်တွေမှာ ဒီလိုမျိုး ရထားပြေးဆွဲပေးထားတော့ ကောင်းပါတယ်။ ကားလက်မှတ်တွေ မရတဲ့အချိန်မှာ အများစုက ရထားကိုပဲ အားကိုးကြတာလေ။ လက်မှတ်ရောင်းရင်တော့ ဝန်ထမ်းတွေကို ဦးစားပေးအဆင့်မဟုတ်ဘဲ မျှမျှတတနဲ့ ဘက်မလိုက်ဖို့တော့လိုပါတယ်” လို့ပြောပါတယ်။

အထူးရထားတွေအတွက် အထက်တန်းရထားလက်မှတ်တွေကို ၃ ရက်ကြိုတင် မှာရမှာ ဖြစ်ပြီး ရိုးရိုးတန်းရထားလက်မှ‌တ်ကိုတော့ ၁ ရက် ကြိုတင်ပြီး ချောင်းချပေးသွားမယ်လို့ မြန်မာ့မီးရထားဌာနက ထုတ်ပြန်ထားပါတယ်။

သီတင်းကျွတ်ပိတ်ရက်တုန်းကလည်း  ရန်ကုန်-မန္တလေး-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်-ရန်ကုန် အထူးရထားခရီးစဉ်တွေ ပြေးဆွဲခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013