
အစ္စရေးတပ်ဖွဲ့တွေဟာ ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင်ရဲ့ မြောက်ဘက်မှာ မြေပြင်စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်နေပြီး ဂါဇာကမ်းမြောင်ရဲ့ တောင်ပိုင်း အပါအဝင် ဟားမတ်စ်ပစ်မှတ်တွေကို ရှာတွေ့နိုင်တဲ့ နေရာတိုင်းကို တိုက်ခိုက်မှာဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက နိုဝင်ဘာ ၁၇ ရက်မှာ ပြောကြားပါတယ်။
“စစ်ဆင်ရေးကို အရှိန်မြှင့်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပြီး ဟားမတ်စ်တွေ တည်ရှိတဲ့ နေရာတိုင်းမှာ စစ်တပ်အတွက် အကောင်းဆုံး အချိန်၊ နေရာနဲ့ အခြေအနေတွေမှာ ဖြစ်သွားနိုင်တယ်” လို့ ဟာဂါရီက ပြောပါတယ်။
မြေအောက် အခြေခံအဆောက်အအုံကို ရှာဖွေဖို့အတွက် အလ်ရှီဖှာ ဆေးရုံမှာ စစ်ဆင်ရေးကို ဆက်လုပ်ဆောင်နေပြီးတော့ ဓားစာခံတွေအကြောင်း အချက်အလက်တွေ စုဆောင်းဖို့ မြေအောက် အခြေခံအဆောက်အဦတွေကို ပိုပြီး စကင်န် ဖတ်နေကြောင်းလည်း သူက ဆိုပါတယ်။
ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်စပ်ကို ဖြတ်ကျော်ပြီးတော့ လူပေါင်း ၁၂၀၀ ကို သတ်ဖြတ်ခဲ့တဲ့အပြင် ဓားစာခံ ၂၄၀ ကို ဆွဲခေါ်သွားခဲ့တာကြောင့် အစ္စရေးကလည်း ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် စစ်သွေးကြွတွေ ကို လက်တုံ့ပြန် ချေမှုန်းဖို့ ကတိပြုခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသ အများအပြားကို မွမွကြေအောင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြောက်ပိုင်းဒေသ တခြမ်းလုံးကို လူဦးရေ လျှော့ချဖယ်ရှားဖို့ အမိန့်ပေးခဲ့တာ ကြောင့် ဂါဇာပြည်သူ ၃ ပုံ ၂ ပုံလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဒီနေ့အထိ ကလေးငယ် ၅ ထောင်လောက် အပါအဝင် သေဆုံးသူပေါင်း ၁၂,၀၀၀ ကျော် ရှိသွားပြီ လို့ ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးအာဏာပိုင်တွေက အတည်ပြုခဲ့ပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေလည်း ရှိနေတုန်းပဲလို့ ဆိုပါတယ်။
ကုလသမဂ္ဂကတော့ သတင်းအချက်အလက် စုဆောင်းရခက်ခဲခြင်းကြောင့် အရေအတွက်ကို မကြာခဏ မွမ်းမံပြင်ဆင်ထားပေမယ့် ဒီကိန်းဂဏန်းတွေကိုတော့ ယုံကြည်လက်ခံနိုင်ကြောင်း ယူဆ ထားပါတယ်။
Source/Photo-Reuters










