DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲတွင် ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားများကို လက်စားမချေရန် ကုလတိုက်တွန်း
DVB
·
November 18, 2023
တိုက်ပွဲတွင် ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားများကို လက်စားမချေရန် ကုလတိုက်တွန်း
Donate to DVB

တိုက်ပွဲအတွင်းဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေကို လူသားဆန်စွာ ဆက်ဆံဖို့နဲ့ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်သားတစ်ဦးချင်းစီမှာ တာဝန်မရှိသလို လက်စားချေတာကို လုံးဝတားမြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး‌ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေတဲ့ လက်နက်ကိုင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး‌ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျရမီလောရန့်စ်က နိုဝင်ဘာ ၁၇ ရက်က တိုက်တွန်း ပြောဆိုလိုက်တာပါ။

ဒါ့အပြင် အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေတွေကို သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံး လေးစားလိုက်နာဖို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေး‌ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းပါတယ်။

လက်ရှိမှာတော့ ရှမ်းမြောက်ဒေသက ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ နိုဝင်ဘာ ၁၅ ရက်အထိ တိုက်ပွဲပြင်းထန်ရာ မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီ တပ်သား ၃၂၆ ယောက် လက်နက်ချလာတယ်လို့  ဒီဗွီဘီက စုဆောင်းထားတဲ့ အချက်အလက်တွေ အရသိရပါတယ်။

စစ်ကောင်စီဘက်က စခန်းစွန့်ခွာထွက်ပြေးတာတွေ၊ တပ်ရင်းလိုက် လက်နက်ချအလင်းဝင်တာ တွေလည်းရှိနေသလို စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားသူတချို့လည်း ရှိနေပါတယ်။

စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေတဲ့ လက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ကြောင့် မြန်မာစစ်တပ်ဘက်က လက်နက်ချလာတဲ့ တပ်ဖွဲ့ဝင်တွေ ရှိနေတာဟာ မြန်မာပြည် အတွက် တိုးတက်လာတဲ့အခြေအနေဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး‌ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျရမီလောရန့်စ်က ပြောပါတယ်။

MNDAA ကိုးကန့်၊ TNLA နဲ့ AA ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ  ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ က စလို့  ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကလည်း ကရင်နီပြည်နယ်မှာ ၁၁၁၁ စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့သလို ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း တိုက်ပွဲတွေ ဆက်ပြင်းထန်လာနေပါတယ်။

အောက်တိုဘာ ၂၇ ရက်ကစပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ နှစ်သိန်းကျော်ရှိပြီး သေဆုံးတဲ့ အရပ်သား ၇ဝ ဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရသူ ၉ဝ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013