ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့မှာ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်သူတယောက်က ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက်က စတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်က ညောင်ဝိုင်းရပ်ကွက်ကို လက်လွှတ်ရပြီးချိန်ကစလို့ မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
“မနေ့က (နိုဝင်ဘာလ ၁၃ ရက်) စျေးကုန်းက အိမ်တလုံးပေါ် လက်နက်ကြီးကျလို့ ၃ ဦး သေဆုံးပါတယ်။ ရေကာတာအောက်လိုင်း ဒေါ်ကြည်သန်းတို့အိမ်၊ သေဆုံးသူ ၇ ဦး ထပ်တိုးနိုင်သေးတယ်ဗျ။ မှတ်တမ်းရဖို့ လုပ်နေပါတယ်။”
စစ်ကောင်စီတပ်သားတွေက ၄၂၂ အမြောက်တပ်ကနေ ပြည်သူတွေရှိရာ ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အရင်ရက်က လယ်တီဘုန်းကြီးကျောင်းမှာ ပြည်သူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိကာ မွေတော်ဘုရားအနားမှာ ပြည်သူ ၁ ဦး၊ စျေးကုန်းရပ်ကွက် နေအိမ်မှာ ၁ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။
၁၁၁၁ စစ်ဆင်ရေးကာလအတွင်း မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူ အယောက် ၂၀ ကျော်ထိ ရှိနေပြီး ဒဏ်ရာရသူ ၁၅ ယောက်ထက်မနည်း ရှိနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့အစည်း KnHRG က စာရင်းပြုစုထားပါတယ်။