DVB Logo
Home
မြန်မာသတင်း
ပြည်သူများ စက်သုံးဆီ ဝယ်မရဖြစ်နေ၊ ဆီတင်သင်္ဘော ၁၅ စင်း လာမည်ဟု  စစ်ကောင်စီပြော
DVB
·
November 13, 2023
ပြည်သူများ စက်သုံးဆီ ဝယ်မရဖြစ်နေ၊ ဆီတင်သင်္ဘော ၁၅ စင်း လာမည်ဟု  စစ်ကောင်စီပြော
Donate to DVB

ရန်ကုန်မြို့အပါအဝင် နိုင်ငံတဝန်းမှာ အခုရက်ပိုင်း စက်သုံးဆီ ဝယ်ယူလို့ မရတဲ့ အခက်အခဲတွေ ကြုံတွေ့နေချိန်မှာပဲ စက်သုံးဆီတင်သင်္ဘော ၁၅ စင်း မကြာမီထပ်မံရောက်ရှိ ဆိုက်ကပ်ဖို့ ရှိနေ တယ်လို့ စစ်အုပ်စုက ဝါဒဖြန့်ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၃ ရက် ဒီကနေ့ ထုတ်ဝေတဲ့ စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ခုလို ဖော်ပြထားတာဖြစ်ပြီး နိုဝင်ဘာ ၁၁ နဲ့ ၁၂ ရက်တွေတုန်းကလည်း စက်သုံးဆီတင် သင်္ဘော ၄ စင်း ဆိုက်ကပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက အဲဒီလို ထုတ်ပြန်ထားပေမယ့် ယာဉ်စီးရေနဲ့ စက်သုံးဆီ လိုအပ်ချက်များတဲ့ ရန်ကုန်မြို့က စက်သုံးဆီဆိုင်အများစုမှာတော့ ဆီပြတ်တောက်ပြီး လိုသလောက် ဝယ်မရဖြစ်နေပါတယ်။

ဒါ့အပြင်တခြားသော နယ်မြို့တွေမှာလည်း စက်သုံးဆီ ပြတ်တောက်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အချိန်အကြာကြီး တန်းစီစောင့်ဆိုင်း ဝယ်ယူရတာ၊ အကန့်အသတ်နဲ့ပဲ ရောင်းချပေးနေတာတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ရန်ကုန်မြို့ပေါ်က စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်ထဲက တချို့ ဆိုင်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က ဓာတ်ဆီ 92 RON ဟာ နေ့စဉ်ပုံမှန် ရောင်းအားထက် ပိုမိုရောင်းအားမြင့်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားတဲ့ Terminal သုံးခုကနေ အရောင်းဆိုင်တွေအားလုံးဆီ ဖြန့်ဖြူးပေးရာမှာ ဖြန့်ဖြူးနိုင်မှု စွမ်းအားအရ အလျဉ်မမီခဲ့တာကြောင့် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါ တယ်။

ရန်ကုန်မြို့က ယာဉ်မောင်း ကိုဝဏ္ဏကတော့ “ဘယ်ကသာဗျာ။ သူတို့မှာသာ အရန်ထား, ထားရင် ဒီလို ဘယ်ဖြစ်လာမလဲ။ ခုရက်ပိုင်းတင်၊ ခု ၂ ရက်လေးမှာတင် ဘယ်လောက် ကမောက်ကမတွေ ဖြစ်သွားကြလဲ အားလုံးအသိ၊ အားလုံးကြုံကြရတာဗျ။ ကျနော်က ကျောင်းကားမောင်းတော့ ကျောင်းက စီစဉ်ထားပေးတာကြောင့် တချို့အခက်အခဲကို ဖြတ်နိုင်တယ်ထား၊ ဒါကတပိုင်း၊ နောက်တပိုင်းက ကျနော်တို့ ရန်ကုန်က ပြည်သူတွေ၊ စက်သုံးဆီမရ၊ မီးမရ၊ ရေမရရရင် ဘယ်လိုမှကို အဆင်မပြေတဲ့ မြို့ပြ။ ဒါကို သိသိကြီးနဲ့ တမင်သက်သက် ကစားနေတာလို့ မြင်တယ်ဗျာ” လို့ ပြောပါတယ်။

အခုလို ပြည်သူလူထုတွေ စက်သုံးဆီအခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကောလာဟလ သတင်းတွေသာဖြစ်တယ်လို့ ဒီနေ့ထုတ် သတင်းစာတွေမှာ ပြောထားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဆီခွဲတမ်းများနဲ့ပတ်သက်ပြီး စိစစ်တာ တစ်ခုပဲရှိတယ်။ ယခင်အတိုင်းပဲ ဖြစ်တယ်။ လျှော့ပြီးလုပ်ပေး တာမရှိဘူး။ ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက် ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် နိုင်ငံတော်အစိုးရအနေနဲ့ အထူးအလေးထား ဆောင်ရွက်ပေးနေတဲ့ … ဂါလန် ၁၃ သန်းကျော်ရှိပြီးဖြစ်တယ်။ ဒီဇယ်ဆိုရင် ဂါလန် သန်း ၃၀ ကျော်ရှိပြီးဖြစ်တယ်။ ပြီးရင် ထပ်မံရောက်ရှိလာမယ့် ဆီတင်သင်္ဘော ၁၅ စင်းနီးပါးရှိပါတယ်။ကနော်တို့ အနေနဲ့ စက်သုံးဆီကိုမည်သည့် စက်သုံးဆီအမျိုးအစားမဆို ပြည်တွင်းမှာတစ်လစာ အရန်ရှိအောင် အမြဲတမ်းဆောင်ရွက်လျက်ရှိတယ်။ ဒါ့အပြင် စက်သုံးဆီနဲ့ ပတ်သက်ရင်အတွက် ယခင်အတိုင်းပဲ ဒေါ်လာရောင်းချပေးတာတွေ ဆောင်ရွက်လျက်ရှိတယ်” လို့ ပြောပါတယ်။

စက်သုံးဆီ၊ စားသုံးဆီ စီးပွားရေး လုပ်ငန်းတွေ၊ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နယ်စပ်ကုန်သွယ်မှု ရပ်တန့်နေတာက အပကျန်တဲ့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း စစ်အုပ်စုက ကျပ် ၂ သောင်းတန် ငွေစက္ကူသစ် ထုတ် ဝေမယ်လို့ ကြေညာလိုက်ပြီး ရက်ပိုင်းအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းကာ ကုန်ပစ္စည်းတွေ သိသိသာသာ ဈေးတက်လာတဲ့အထဲ စက်သုံးဆီဈေးတွေလည်း မြင့်တက်ခဲ့ ပါသေးတယ်။

ဒါ့အပြင် လတ်တလောမှာတော့ ပြည်တွင်းမှာ စက်သုံးဆီပြတ်တောက်ပြီး ဈေးနှုန်း ကြီး မြင့်မှုတွေနဲ့အတူ စားသောက်ကုန်စျေးနှုန်းတွေလည်း တက်နေပြီးတော့ အထူးသဖြင့် အခြေခံစားသောက်ကုန် ဆန်၊ စားအုန်းဆီနဲ့ နယ်စပ်က တင်သွင်းတဲ့ ဆေးဝါးစတာတွေလည်း စျေးတွေတက်နေတယ်လို့ သိရပါတယ်။

စစ်အုပ်စုကတော့ ပြည်တွင်းမှာ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထား ပြီး လက်ရှိမှာ အများသုံးဓာတ်ဆီဖြစ်တဲ့ 92 RON ဂါလန် ၁၃ သန်းကျော်၊ 95 RON ဂါလန် ၃ သန်းကျော်၊ 97 RON ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉ သန်းကျော်နဲ့ ပရီမီယမ်ဒီဇယ် သန်း ၂၀ ကျော် ကျန်ရှိသေးတယ်လို့ ဝါဒဖြန့်ထုတ်ပြန်ထားတာကို တွေ့ရ ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ခွဲကျော် ကာလတွေအတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013