DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်၊ မောင်တောနှင့် မင်းပြားတို့တွင် တိုက်ပွဲဖြစ်၊ ရန်ကုန်-စစ်တွေလမ်း ပိတ်ထားသဖြင့် ဒေသခံများ အခက်တွေ့
DVB
·
November 13, 2023
ရသေ့တောင်၊ မောင်တောနှင့် မင်းပြားတို့တွင် တိုက်ပွဲဖြစ်၊ ရန်ကုန်-စစ်တွေလမ်း ပိတ်ထားသဖြင့် ဒေသခံများ အခက်တွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားနေပြီလို့ ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်အုပ်စု ချိန်ခါလီကျေးရွာ တောင်တန်းနားမှာ နိုဝင်ဘာ ၁၃ ရက် မနက် ၅ နာရီခွဲလောက်က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA) နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒုံးပိုက်ဘက်မှာ တိုက်ပွဲဖြစ်နေတာပါ။ ရသေ့တောင်မြို့ပေါ်ကလည်း ဒီနေ့မနက် ၆ နာရီ ၂၈ မိနစ်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး လက်နက်ကြီးပစ်တာ ၂ လုံးရှိပြီ။”

လက်ရှိအချိန်မှာ ဒုံးပိုက်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ရရှိထားကာ ရဲစခန်း မီးလောင်နေပြီး ချိန်ခါလီ နယ်ခြားစောင့်စခန်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ AA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိအချိန်မှာ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးနေကြရပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်ကားလမ်းရှိ ချိန်ခါလီနဲ့ ဒုံးပိုက်စခန်းကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၃ ရက် မနက် ၅ နာရီမှာ စတင်ဝင်တိုက်ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေရာ ကျေးရွာသားတွေ ထွက်ပြေးနေကြရပြီး မောင်တော-အငူမော် ကားလမ်းလည်း ပိတ်ထားကြောင်း ဒေသခံတွေထံက သိရပါတယ်။

ဒုံးပိုက်ကျေးရွာသားတဦးက “ဒီနေ့မနက် ၅ နာရီမှာ နယ်ခြားစောင့်စခန်းတွေကို AA က ဝင်တိုက်တာ။ အခုထိ အပြန်အလှန် ပစ်နေကြတုန်း။ ဒုံးပိုက်နဲ့ ချိန်ခါလီရွာသားတချို့ မေယုတောင်ထဲ ထွက်ပြေးနေကြရတယ်။ တချို့ကတော့ ရွာမှာရှိကြတယ်” လို့ အတည်ပြု ပြောပါတယ်။

မောင်တော-အငူမော်ကားလမ်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ မောင်တော-အငူမော်ကားလမ်းကို ယာယီပိတ်ထားကြောင်း ကားသမားတွေထံက သိရပါတယ်။

“ပန်းတောပြင်စခန်းက ကျော်ခွင့်မပေးဘူး။ ကွမ်းရွက်သွားတင်တဲ့ကားတွေ မောရဝတီက ပြန်လှည့်လာရတယ်။ လမ်းတလျှောက် တိုက်ပွဲတွေဖြစ်နေတယ်လို့ ပြောတယ်။”

လက်ရှိ ဒုံးပိုက်စခန်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်မီးရှို့လိုက်ပြီးနောက် ရသေ့တောင်မြို့ပေါ်ရှိ တပ်ရင်းတွေက လက်နက်ကြီး ပစ်ကူပေးနေကြောင်း ဒေသခံတွေထံက သိရပါတယ်။

အလားတူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာလည်း နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီကား ၂ စီးကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာနားမှာ နိုဝင်ဘာ ၁၃ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီကား ၂ စီးကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဖားပြိုကျေးရွာနားမှာ စစ်ကောင်စီကား ၂ စီးကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီကား ၂ စီးလုံးကို ကျနော်တို့ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့တယ်။”

လက်ရှိအချိန်မှာတော့ မင်းပြားမြို့၊ ကျိန်းတောင်ပေါ်က စစ်ကောင်စီတပ်သားတွေက ဖားပြိုကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တွေနဲ့ မြောက်ဦးမြို့နယ်တွေက ရန်ကုန်-စစ်တွေ ကားလမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်တာကြောင့် ပြည်သူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ်က ရန်ကုန်-စစ်တွေ ကားလမ်းပေါ်မှာရှိတဲ့ ကျောက်တန်းဂိတ်နဲ့ တပ်ထိန်းဂိတ်တွေကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်တာကြောင့် စျေးဝယ်သွားတဲ့ ပြည်သူတွေ ပြန်ထွက်လို့မရတော့ဘဲ ပိတ်မိနေလို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က စစ်တွေမြို့မစျေးကြီးမှာ စျေးဝယ်အောင်သွားတာဗျ။ မြို့ထဲကိုရောက်ပြီးမှ တိုက်ပွဲဖြစ်လို့ တပ်ထိန်းဂိတ်နဲ့ ကျောက်တန်းဂိတ်ကို ပိတ်လိုက်ပြီဆိုတော့ ဘာမှ လုပ်လို့ မရတော့ဘူး။ မြို့ပြင်ကိုလည်း ပြန်ထွက်လို့ မရတော့ဘူး။”

မြောက်ဦးမြို့မှာလည်း နိုဝင်ဘာ ၁၃ ရက် မနက် ၈ နာရီလောက်က စလို့ စစ်ကောင်စီရဲ့ ခလရ ၅၄၀ တပ်ရင်းမရောက်ခင် အလယ်စျေးတံတားနားကစပြီး မင်းပြားဘက်အထွက် ကားလမ်းတွေကို ပိတ်ဆို့လိုက်လို့ ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ မြောက်ဦးမြို့ ဒေသခံတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာလို့ သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း ရက္ခိုင့်တပ်တော် အပါအဝင် ညီနောက်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်က စတင်ကာ ၁၀၂၇ စစ်ဆင်ရေးပြုလုပ်ပြီး မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက် ဆင်နွှဲနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013