ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့မှာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၅ နာရီကျော်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “ဈေးကုန်းရပ်ကွက်က ပြည်သူတဦး လက်နက်ကြီး ထိပြီး သေဆုံးတယ်။ တည့်တည့်ကျတယ်လို့ ပြောရမှာပေါ့။ မွသွားတယ်။ ရုပ်က မမှတ်မိ လောက်အောင်ပဲ။ မွေတော်ကျောင်းအနီးမှာလည်း တယောက် လဲကျသေဆုံးတယ်။ လယ်တီဘုန်းကြီးကျောင်းမှာ ပြည်သူ ၂ ယောက် သေဆုံးပြီး ၁၀ ယောက်လောက် ထိခိုက်မိတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က ညောင်ဝိုင်းရပ်ကွက်ကို စွန့်လွှတ်ရပြီး နောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ၄၂၂ တပ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာလို့ သိရပါတယ်။
ဒီနေ့မနက်မှာလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်နေလို့ ပြည်သူတွေ ပိတ်မိနေတာတွေရှိပြီး ထိခိုက်သေဆုံးမှုရှိ၊ မရှိ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
၁၁.၁၁ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူတွေများပြားနိုင်ပြီး စစ်ကောင်စီတပ်သားတချို့က ၄၂၂ တပ်ထဲကို ပြေးဝင်သွားကြပြီး ရပ်ကွက်တချို့မှာတော့ ကင်းပုန်းဝပ်တာတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီပြည်နယ်မှာ ဖော်ဆောင်တဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နန်းမယ်ခုံစတဲ့ နေရာတွေက စစ်ကောင်စီတပ်စခန်း ၇ ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၄၀ ကျော်သေဆုံးကာ လက်နက်အမျိုးအစားအစုံအလင် အလက် ၁၀၀ နီးပါးထိ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းနဲ့ လက်နက်ကြီး အဆမတန် ပစ်ခတ်တာတွေ ပြုလုပ်နေလို့ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်း(သို့မဟုတ်) အကာအကွယ်ရှိတဲ့နေရာမှာ နေကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။